ကချင်ပြည်နယ်အတွင်းသို့ တခြားတိုင်းဒေသကြီးတွေက ဝင်ရောက်လာတဲ့ စက်သုံးဆီကားတွေကို နန့်စီအောင် စစ်ဆေးရေးဂိတ်က ဝင်ရောက်ခွင့် မပြုဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးညှင်းမြို့နယ် နန့်စီအောင်စစ်ဆေးရေးဂိတ်က စက်သုံးဆီတင် မော်တော်ယာဉ်တွေကို ဖြတ်သန်းခွင့် ပိတ်ပင်ထားတဲ့အတွက် စက်သုံးဆီတွေကို ဆိုင်ကယ်နဲ့တဆင့် ပြန်သယ်ရတယ်လို့ စက်သုံးဆီအရောင်းအဝယ်လုပ်ကိုင်သူ တဦးက ပြောပါတယ်။
"ဆီဘောက်ဆာတွေကို နန့်စီအောင်ဂိတ်က ဝင်ခွင့်မပြုဘူး။ အဲဒီဆီဘောက်ဆာ ကားတွေဆီ ဆိုင်ကယ်နဲ့သွားပြီး ဂါလန်ပုံးတွေနဲ့ တဆင့် ဆီကို ပြန်သယ်ရတယ်။ မိုးညှင်းအထိ ဆိုင်ကယ်နဲ့ သယ်ပြီး ဆီပန့်ဆိုင်တွေ ပြန်သွင်းကြတယ်။ ဒီတိုင်းတော့ ဘယ်ရမလဲ ဂိတ်ကြေးတွေ ပေးရတာပေါ့ "
မိုးညှင်းမြို့ဆီ ဆိုင်ကယ်နဲ့ ဆီ တကြိမ်သယ်ရင် နန့်စီအောင်ဂိတ်နဲ့ မိုးညှင်းမြို့အဝင် စစ်ဆေးရေး ဂိတ်တွေကို ကျပ် ၄၀၀၀၀ စီ ပေးရတယ်လို့ သိရပါတယ်။
ဆိုင်ကယ်နဲ့ စက်သုံးဆီသယ်တဲ့လုပ်ငန်းကို အမျိုးသားရော အမျိုးသမီးတွေပါ လုပ်ဆောင်နေကြပြီး အမျိုးသားမောင်းနှင်တဲ့ ဆိုင်ကယ် တစီးလျှင် ၅ ဂါလန်ပုံး ၁၀ ပုံးနဲ့ အမျိုးသမီးမောင်းနှင်တဲ့ ဆိုင်ကယ် တစီးကို ၅ ဂါလန်ပုံး ၆ ပုံး အထိ သယ်ယူနိုင်တယ်လို့ သိရပါတယ်။
စက်သုံးဆီကားတွေ ဝင်ရောက်ခွင့် မရတဲ့ မိုးညှင်းမြို့နယ်ရှိ ဆီဆိုင်တွေမှာ 92 ဓာတ်ဆီ ၁ ပီပါကို ကျပ် ၉ သိန်းမှ ၁၀ သိန်းခွဲအထိ ရောင်းချနေကြပါတယ်။