ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စက်သုံးဆီ ပြတ်လပ်နေပြီး ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ပရဟိတ လူမှုကူညီရေးအသင်းတွေ ရေရှည်ရပ်တည်ဖို့ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရေ တိုးလာပြီး မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တချို့ ရေနစ်မြုပ်နေတာကြောင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်တချို့ ပိတ်ထားရပြီး ဆီဈေးနှုန်းကြီးမြင့်လာတဲ့အတွက် ရေရှည်ရပ်တည်ဖို့ အခက်အခဲ ဖြစ်လာတယ်လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။
လူမှုကူညီရေးအသင်းတခုမှာ ပါဝင်လုပ်ဆောင်နေသူတယောက်က “ဆီဈေးက အဆမတန် တက်သွားတယ်။ ဆိုင်တိုင်းလည်း ဆီမရဘူး။ ဆီဆိုင်တွေလည်း ရေနစ်ထားတော့ ဆိုင်အတော်များများက မဖွင့်သေးဘူး။ ရှိတဲ့ဆီ ချွေတာပြီး အသုံးပြုနေရတယ်။ ဒီပုံစံဆိုရင် ရေရှည်ရပ်တည်ဖို့ အခက်အခဲတွေ ဖြစ်လာပြီ” လို့ ပြောပါတယ်။
ပုဂ္ဂလိကစက်သုံးဆီဆိုင်တွေမှာ ၉၂ ဓာတ်ဆီ တလီတာကို ကျပ် ၅,၀၀၀ ကနေ ကျပ် ၈,၀၀၀ ဝန်းကျင်ရောင်းချနေပြီး ခွက်ခြင်နဲ့ရောင်းချတဲ့ လမ်းဘေးဆီဆိုင်တွေမှာတော့ ၉၂ ဓာတ်ဆီ တလီတာကို ကျပ် ၁၅,၀၀၀ ကနေ ကျပ် ၂၀,၀၀၀ အထိ ရောင်းချနေကြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်က စတင်ပြီး မြစ်ကြီးနားမြို့ ရပ်ကွက်အတော်များများမှာ ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် စက်သုံးဆီအရောင်းဆိုင်အတော်များများ ပိတ်ထားပြီး တချို့ဆိုင်တွေကတော့ အချိန်အကန့်အသတ်၊ စက်သုံးဆီအကန့်အသတ်၊ ယာဉ်အစီးရေ အကန့်အသတ်နဲ့ ရောင်းချပေးနေပါတယ်။