Home
မြန်မာသတင်း
နယ်မြေတည်ငြိမ်အေးချမ်းမှသာ ရွေးကောက်ပွဲလုပ်လို့ရမည်ဟု  စစ်ခေါင်းဆောင်ပြော
DVB
·
July 6, 2024

ရွေးကောက်ပွဲကျင်းပပေးမယ်လို့ မကြာခဏ ပြောနေတဲ့ စစ်ခေါင်းဆောင်က နယ်​မြေတည်

ငြိမ်အေးချမ်းမှသာ ရွေးကောက်ပွဲပြုလုပ်လို့ရမှာဖြစ်တယ်လို့ ပြောင်းလဲပြောဆိုလာပါတယ်။

နေပြည်တော်မှာ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ ဇူလိုင် ၅ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ စစ်ခေါင်းဆောင်ကပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေဖြစ်တဲ့  လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူတာတွေကို အောက်တိုဘာလဆန်းမှာစပြီး တနိုင်ငံလုံး ဆောင်ရွက်သွားမှာဖြစ်ပေမဲ့ လုံခြုံရေးအရ သတိထားဆောင်ရွက်ရမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

"ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ နယ်မြေတည်ငြိမ်အေးချမ်းဖို့လိုတယ်။ တည်ငြိမ်အေးချမ်းမှုမရှိရင် ရွေးကောက်ပွဲလုပ်လို့မရသလို မဲစာရင်းကောက်တာတွေ မဲဆွယ်စည်းရုံးတာတွေလုပ်လို့မရဘူး ဒါကြောင့် လုံခြုံရေးနဲ့တည်ငြိမ်ရေးကို ဦးစားပေးလုပ်ဖို့အဓိကကျတယ်။”

လတ်တလောမှာ လုံခြုံမှုရှိတဲ့ ဒေသတွေရှိသလို လုံခြုံမှုမရှိ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ မြို့နယ်တွေနဲ့ ဒေသတွေလည်းရှိပြီး ပြည်သူတွေအနေနဲ့ လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုပါက  လုံခြုံရေးဆိုင်ရာကိစ္စတွေ အားကောင်းလာမှာဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ၊ လုံခြုံရေးနဲ့ နယ်မြေတည်ငြိမ်ရေး၊ ကုန်စျေးနှုန်း ၊ ပညာရေးနဲ့ NGO၊ INGO ကိစ္စတွေကို ဦးစားပေးပြောဆိုခဲ့ ပါတယ်။

စစ်ခေါင်းဆောင်ဦးဆောင်ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက Video Conferencing နဲ့ တက်ရောက်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်က စစ်ခေါင်းဆောင်ဟာ မိတ္ထီလာခရိုင်အဆင့် ဌာနဆိုင်ရာတွေနဲ့ မြို့ခံတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ပြောဆိုခဲ့တာလည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013