Home
မြန်မာသတင်း
စစ်ကောင်စီကြောင့် ရေဦး၊ တောင်ကုတ်နှင့်သံတွဲတွင် ပြည်သူ ၃ ဦးသေဆုံး
DVB
·
July 6, 2024

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီး ၁ ယောက်နဲ့ ကျွဲ ၁ ကောင် ထိမှန်သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တို့မှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၄ ရက် ည ၇ နာရီက ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မြောက်ဘက်ခြမ်းကျေးရွာတွေဘက်ကို ၁၂၀ မမ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး  လေးရွာကျွဲခြံနားမှာ ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၃၇ နှစ်အရွယ် မအေးစိုး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေဦးမြို့နယ်အခြေပြု People's Defense Comrade ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က “လေးရွာက ကျွဲခြံအနီး ကျရောက်တာပေါ့နော်။ ခြံထဲမှာ ကျွဲနေရာ အရွှေ့အပြောင်းလုပ်နေတဲ့ အမျိုးသမီး လက်နက်ကြီးထိပြီး နေရာမှာပဲဆုံးသွားတယ်။ ကျွဲတကောင်လည်း သေသွားတယ်။ ရေဦးနယ်မှာက ၄ လကျော်ပြီ၊ တိုက်ပွဲဖြစ်တာရော စစ်ကြောင်းထိုးတာရော မရှိဘဲ ညစဉ်ညတိုင်း တိုင်းရင်းဆေးရုံကနေ ရွာတွေဘက်ကို အမြဲတမ်းလက်နက်ကြီး ၁ လုံး ၂ လုံးပစ်နေတာ” လို့ ပြောပါတယ်။

ရေဦးမြို့ အဝင်အထွက်ဂိတ်တွေမှာလည်း စစ်ကောင်စီတပ်သားတွေက မှတ်ပုံတင်စစ်ဆေးပြီး ငွေကြေးကောက်ခံတာနဲ့ စျေးဝယ်လာသူတွေရဲ့ပစ္စည်းတွေကို မတရားသိမ်းယူတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်တို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ယောက် ထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ စစ်ရေးပြင်းထန်နေတဲ့ သံတွဲမြို့နယ်မှာ ခလရ ၅၅ တပ်ရင်း ဘက်က တပ်ဆုတ်လာကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်က အရပ်သား သားအဖ ၂ ယောက် ကို ဇွန် ၃ ရက် ညနေပိုင်းမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ငပလီမှာက တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်နေကြတုန်းပဲ။ ဇွန်လ ၃ ရက်နေ့ကလည်း ခလရ ၅၅ ဘက်က တပ်ဆုတ်လာတဲ့ စစ်သားတွေဟာ ပင်လယ်မှာရှိတဲ့ နေဗီကိုပို့ဖို့ သူတို့ သားအဖ ၂ ဦးကို ခိုင်းတယ်လို့ သိရတယ်။ သူတို့က စက်မရှိဘူးလို့ ပြောတဲ့အခါမှာ ပစ်သတ်သွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ပစ်သတ်လို့ သေဆုံးသွားသူတွေဟာ ကိုငတောင်ညှင်းနဲ့ သူရဲ့ဖခင်တို့ ဖြစ်ကြပြီး သံတွဲမြို့နယ်၊ ငပလီမြို့အနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်းတွေကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေသလို ခမရ ၅၆၆ ကို သိမ်းပိုက်ထားပြီး ခလရ ၅၅ က စစ်ကောင်စီတပ်သားတွေဟာလည်း တပ်ဆုတ်ထွက်ပြေးနေကြရပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီက ကြည်း၊ လေ၊ ရေ ပူးပေါင်းပြီး မြို့မကျဆုံးရေး ခုခံ နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ရေးတင်းမာနေတဲ့ တောင်ကုတ်မြို့နယ်၊ ပေါက်အင်းကျေးရွာကိုလည်း ဇွန် ၄ ရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၅ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၄ ရက် နေ့လယ် ၁ နာရီလောက်မှာ ပေါက်အင်းကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင် ၅ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သာသနိက အဆောက်အဦတချို့လည်း ပျက်စီးခဲ့တယ်လို့ ကျေးရွာသားတယောက်က ပြောပါတယ်။

“ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘဲ စစ်ကောင်စီက ဒီအတိုင်း လေကြောင်းလာတိုက်တာ။ ဘုန်းကြီးကျောင်းမှာက တောင်ကုတ်က စစ်ဘေးရှောင်တွေ ခိုလှုံနေကြတယ်။ အသေအပျောက်တော့ မရှိဘူး။ စစ်ရှောင်တွေတော့ ထိခိုက်သွားတယ်။ လူစုစုပေါင်း ၅ ဦးလောက် ဒဏ်ရာရသွားပြီးတော့ တချို့တွေလည်း အနည်းငယ်ထိခိုက်သွားကြတယ်” လို့ ပြောပါတယ်။

တောင်ကုတ်မြို့နယ်မှာ ဇွန် ၁၄ ရက်နေ့ကလည်း လေကြောင်းက တိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးတာရှိခဲ့ပြီး ဇွန် ၁၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ လက်ရှိမှာ ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်အထိ အရပ်သားပြည်သူ ၂၆၈ ယောက်သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အယောက် ၆၄၀ အထိ ရှိနေတယ်လို့ HDCO ရဲ့ စာရင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013