Home
မြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စားသောက်ကုန်များ ပျက်စီး
DVB
·
August 1, 2024

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် စားသောက်ကုန်တွေ ပျက်စီးတာ၊ ကုန်စည်တင်ဆောင်ခတွေပါ ဈေးမြင့်တက်လာတယ်လို့  ကုန်သည်တွေက ပြောပါတယ်။ 

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ ကော့ကရိတ်-မြဝတီ( အာရှ)လမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် လမ်းပိတ်တာ၊ မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေနဲ့ ကုန်သည်တွေ ရင်ဆိုင်ခဲ့ရပါတယ်။ 

မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတာကြောင့်  ကော့ကရိတ်- မြဝတီ(အောက်ဗိုလ်တဲ) လမ်းဟောင်းကို ပြန်လည်အသုံးပြုဖို့ ခွင့်ပြုခဲ့ပေမဲ့ လမ်းပျက်စီးတာ၊ တံတားရေတိုက်စားခံရတာ၊ မြေပြိုတာတွေနဲ့ ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

လမ်းပိတ်ထားတာကြောင့် စားသောက်ကုန်တွေ ပျက်စီးတာတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် ကုန်စည်တင်ဆောင်ခတွေပါ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တဦးက “လမ်းကြောမှာကြာလို့  ကြက်သွန်တွေဆို လမ်းမှာပဲ ပုပ်သွားတယ်။ ပုပ်ပြီးတော့ မည်းကုန်တယ်။ လမ်းမှာတင် ပစ်လိုက်ရတာတွေ ရှိတယ်။ ပို့ကုန်တွေ ဒီလမ်းကြောပိတ်တော့  ပြောမယ်ဆို ဒေသထွက်ကုန် လယ်ယာထွက်ကုန်တွေက ဒီလမ်းကြောကနေ ပို့ရခက်ခဲတယ်။ ကားခ ဈေးတက်သွားတယ်။ အရင်တုန်းက မြဝတီကနေ သာမညကို  ၁ တန်ကို ကျပ် ၂ သိန်းခွဲပဲရှိတယ်။ အခုက ၇ သိန်းခွဲ ၈ သိန်းအထိပေါက်တယ်။ ကားခတွေလည်း မတန်ဆတက်သွားတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာ-ထိုင်း နယ်စပ် ငွေလဲလှယ်ရာမှာ ဇူလိုင် ၃၁ ရက်နေ့က မြန်မာငွေကျပ် ၁ သိန်းကို ထိုင်းဘတ်  ၇၀၀ ၊  ဩဂုတ် ၁ ရက်နေ့ မြန်မာငွေ ကျပ် ၁ သိန်းကို ထိုင်းဘတ် ၆၈၅ အထိ မြန်မာငွေဈေး ဆက်တိုက်ဆိုသလို ကျဆင်းနေပါတယ်။ 

မြဝတီမြို့မှာ အရင်က ထူး ၇ လုံး ၆ ပြည်အိတ် ၁ အိတ် ကျပ် ၇၅၀၀၀ ခွဲကနေ ကျပ် ၁ သိန်းနီးပါး၊ ဆန်ကြမ်း ၂၄ ပြည် ၁ အိတ်ကိုကျပ် ၂ သိန်းခွဲ၊ ကြက်ဥ ၁ လုံး  ၈၀၀ ကျပ်၊ ဘဲဥ ၁ လုံး ၁၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ ပိတ်ဿာ ကျပ် ၂၀၀၀၀ ကျော်၊ ကြက်သွန်နီ ကျပ် ၇၀၀၀ ကျော်အထိ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

ဒေသခံပြည်သူတဦးက “ကုန်ဈေးနှုန်းက ဒီအတိုင်းပဲ တက်နေတယ်။ အခုရက်ပိုင်း ဘတ်ဈေးက မငြိမ်တော့ ပိုဆိုးတာပေါ့။ တက်တာက ပြဿနာမရှိဘူး။ တချို့ပစ္စည်းတွေက လိုအပ်ရင် လိုအပ်သလို ဝယ်မရတာက ခက်နေတာ။ လုံးဝကြီးမရှိတာတော့ မဟုတ်ဘူး။ ကုန်တွေက တက်တာ မြောက်နေတယ်ဆိုတော့။ ဒီတရက် ၂ ရက်က ဆန်ကုန်လို့ အိတ်လိုက်ဝယ်တာ အိတ်လိုက်မရောင်းဘူး။ ၆ ပြည်အိတ်တောင်မရှိဘူး။ ပြည်ကောက်လိုက်ပဲဝယ်လို့ရတယ်”လို့ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် မြဝတီမြို့မှာ ပြည်တွင်းထွက် စားသောက်ကုန်တွေ ပြတ်တောက်ခဲ့ပြီး မြဝတီမြို့ခံပြည်သူတွေဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ စားသောက်ကုန်တွေကို မဖြစ်မနေ ပြန်လည်ဝယ်ယူစားသုံးနေရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

အာရှလမ်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိတော့တဲ့အတွက် ကုန်စည်စီးဆင်းမှုတွေကောင်းမွန်လာဖို့   အာရှလမ်းကို ပြန်လည်ဖွင့်လှစ်ပေးဖို့  ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တဦးက “အာရှလမ်းမှာ တိုက်ပွဲကမရှိတော့တဲ့အတွက် စကစကလည်း ကော့ကရိတ်မှာ သူဘာသူ ပိုက်ဆံကောက်ပြီးတော့ ကောက်စားနေတယ်။ မြဝတီဘက်ဆိုလည်း အကောက်အခွန်တွေ ဆောင်ရတယ်။  ဒါပေမဲ့ ကြားမှာတိုက်ပွဲက မဖြစ်ဘူး။  တော်လှန်ရေး တပ်ဖွဲ့တွေက ကြားမှာ အထိုင်ချတယ်။ ပြီးရင် ဟိုကလည်း ကောက်။ ဒီကလည်း ကောက်။ ဒီလိုမျိုးပိုက်ဆံကောက်နေမယ်ဆိုရင် မထူးဘူးလေ။  အာရှလမ်းကို ဖွင့်ပေးလိုက်ရင် ပို့ကောင်းတာပေါ့။ လူတွေအတွက်လည်း ဒုက္ခမဖြစ်တော့ဘူး”လို့ ပြောပါတယ်။

ဧပြီလကစတင်ပြီး စစ်ကောင်စီက ရေလမ်းကနေ ရန်ကုန်၊ ကော့သောင်း၊ ရနောင်းကနေ ကွန်တိန်နာနဲ့ကုန်သွယ်မှု ပြုလုပ်ဖို့ ခွင့်ပြုခဲ့ပေမဲ့ ကုန်သည်အများစုက မြဝတီနယ်စပ်ကနေ ကုန်သွယ်မှုပြုလုပ်နေပါတယ်။

ဒါအပြင် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကနေ ကုန်သွယ်မှုပြုလုပ်ရာမှာ ပို့ကုန်အနေနဲ့ မြန်မာနိုင်ငံကနေ ကွမ်းသီး၊ ငရုတ်၊ ကြက်သွန်၊ ပီလောပီနံတွေတင်ပို့ပြီး ထိုင်းနိုင်ငံကနေ အလှကုန်၊ စားသောက်ကုန်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို တင်သွင်းနေတာပါ။ 

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအထိ ကော့သောင်း-ရနောင်းကနေ ပို့ကုန်ဒေါ်လာ ၃၇ သန်းကျော်၊ သွင်းကုန်ဒေါ်လာ ၂၂ သန်းကျော်ရရှိပြီး မြဝတီနယ်စပ်ကနေ ပို့ကုန်ဒေါ်လာ  ၃၀ သန်းကျော်၊ သွင်းကုန် ဒေါ်လာ ၃၃ သန်းကျော်ရရှိထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013