Home
မြန်မာသတင်း
ရန်ကုန်က နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်အချို့ ကောလိပ်အဆင့် လျှော့ချခံရ
DVB
·
August 3, 2024

ရန်ကုန်မြို့က နာမည်ကြီးပုဂ္ဂလိကတက္ကသိုလ်အချို့ကို တက္ကသိုလ်စံနှုန်း မပြည့်မီတာကြောင့် ကောလိပ်အဆင့် သတ်မှတ်လိုက်ကြောင်းနဲ့ အဲဒီ ကျောင်းနာမည်တွေမှာ University ဆိုတဲ့ အသုံးနှုန်းကို အမြန်ဆုံးဖြုတ်ဖို့ စစ်ကောင်စီရဲ့ ပညာရေးဌာနက ညွှန်ကြားထားတယ်လို့ ပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းတွေအနေနဲ့ ၂၀၂၃ ခုနှစ်၊ မေလက ထုတ်ပြန်ခဲ့တဲ့ ပုဂ္ဂလိက ပညာရေးဥပဒေ ၂၀၂၃ အရ ပညာရေးဝန်ကြီးဌာနမှာ ၂၀၂၄ နှစ်ဆန်းပိုင်းက ပြန်လည် မှတ်ပုံတင်ခဲ့ကြပါတယ်။

အဲဒီလို မှတ်ပုံတင်ရာမှာ ကျောင်းတကျောင်းချင်းစီကို အရည်အသွေး ပြည့်မီမှု ရှိ၊ မရှိ စိစစ်ပြီး International School ကျောင်း ၅၂ကျောင်းနဲ့ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ် စုစုပေါင်း ၄၈ ကျောင်းကို အသိအမှတ်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ပညာရေး အရည်အသွေးစိစစ်ရာမှာ ပုဂ္ဂလိကတက္ကသိုလ် ၄၀ ကျော်ကို တက္ကသိုလ်စံနှုန်း မပြည့်မီလို့ တဆင့်နိမ့်တဲ့ ကောလိပ်အဖြစ်သာ အသိအမှတ်ပြုကြောင်းနဲ့ အဲဒီ ကျောင်းနာမည်တွေမှာ University ဖြုတ်ရမယ်လို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒီသတင်းကို ကျောင်းသူကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေကြား မပျံ့နှံ့စေဖို့ အဲဒီ ပုဂ္ဂလိက ကျောင်းတွေဘက်က အသည်းအသန် ကြိုးစားနေပြီး၊ ကြိုတင်သတင်း သိရှိထားတဲ့ ဝန်ထမ်းတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေကိုလည်း ဘယ်ဌာနကိုမှထုတ်မပြောဖို့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိတော့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားစာမှာ University အသုံးအနှုန်းဖြုတ်ဖို့ပါဝင်တဲ့ ပုဂ္ဂလိက တက္ကသိုလ်တွေဟာ University ဆိုတဲ့ အသုံးအနှုန်းကို ဖြုတ်ချထားတာ မတွေ့ရှိရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013