ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ် ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုတွေကို လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဩဂုတ် ၈ ရက် ဒီနေ့မနက်က ပြုလုပ်သွားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ( AJAY ) ရဲဘော်တွေက ရန်ကုန်မြို့တနေရာမှာ “ ၈၈၈၈” ဘန်နာစာသားကို ချိတ်ဆွဲခဲ့သလို “တိုင်းပြည်နဲ့ စစ်တပ်ကိုကယ်ချင်ရင် ပြည်သူနဲ့ပူးပေါင်းပါ”စာသားရေးထားတဲ့ ပိုစတာကို ကိုင်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
အလဲလဲအပြိုပြိုနဲ့ အားနည်းကျရှုံး နေပြီဖြစ်တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စု လက်အောက်မှ တပ်မတော်သားတွေ အမြန်ဆုံး ရုန်းထွက်ပြီး ပြည်သူနဲ့ ပူးပေါင်းဖို့ နှိုးဆော်သတိပေးတဲ့အနေနဲ့ ပြုလုပ်ခဲ့တာလို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ထုတ်ပြန်ထားပါတယ်။
ရှစ်လေးလုံးစိတ်ဓာတ်ကို ၃၆ နှစ်တိုင် လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ချေမှုန်းအမြစ်ပြတ်နိုင်ရေး ချီတက်တိုက်ပွဲဝင်ခဲ့တာကြောင့် စစ်အုပ်စုက အဘက်ဘက်မှ အားနည်း ပြိုကျနေပြီလို့ ဆိုပါတယ်။
အဆုံးသတ်အောင်ပွဲနဲ့ ပန်းတိုင်ရောက်တဲ့အထိ ရှစ်လေးလုံး အရေးတော်ပုံကြီး အပါအဝင် ခေတ်အဆက်ဆက် ပေးဆပ်ခဲ့ကြသူ အာဇာနည်အပေါင်းတို့ရဲ့ သွေးခင်းလမ်းပေါ်မှာ လူထုအောင်ပွဲရတဲ့အထိ ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းကြဖို့လည်း ပြည်သူတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု-AJAY က တိုက်တွန်းထားပါတယ်။
အလားတူ မန္တလေးက လူငယ်တွေကကလည်း ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့မှာ "မဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေးတို့အတူရုန်း" စာတန်းပါ ပိုစတာကိုင်စွဲပြီး လမ်းမပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်သပိတ်အင်အားစုတွေဟာ ပြီးခဲ့တဲ့ရက်တွေကလည်း ရန်ကုန်မြို့ အထင်ကရ ဗိုလ်ချုပ်ဈေးသစ်ရှေ့မှာ စပီကာနဲ့ သွေးသစ္စာ သီချင်းတွေဖွင့်ပြီး လှုပ်ရှားမှုပြုလုပ်ခဲ့သလို ဩဂုတ် ၆ ရက်ကလည်း "မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း"၊ "The Future of Our Nation is in Our hand"၊ "ရပ်တန့်၍မရ" စာသားပါ ဘန်နာတွေ ကိုင်စွဲပြီး ဆန္ဒပြတဲ့ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။
၁၉၈၈ ဩဂုတ် ၈ ရက်က ဦးနေဝင်းခေါင်းဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တပါတီအာဏာရှင်စနစ်ပြုတ်ကျရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့အတွက် နိုင်ငံတဝန်း ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ ၈ လေးလုံးလူထု အရေးတော်ပုံဟာ အခု သြဂုတ် ၈ ရက်မှာ ၃၆ နှစ်ပြည့်ခဲ့တာဖြစ်ပြီး လူထုဆန္ဒတွေ ခုအချိန်ထိမပြည့်ဝသေးလို့ စစ်အာဏာရှင်တွေကို လူငယ်မျိုးဆက်တွေက ဆက်လက် တိုက်ပွဲဝင်နေကြရဆဲ ဖြစ်ပါတယ်။