ကွတ်ခိုင်မြို့မဈေးကို စစ်ကောင်စီတပ် ဗုံးကြဲ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်သွယ်ရေးလမ်းမပေါ်ရှိ ကွတ်ခိုင်မြို့လယ် မြို့မဈေးကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၂ လုံး လာကြဲသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၄ ရက် မနေ့ ညနေ ၃ နာရီ ၁ မိနစ်မှာ တကြိမ်၊ ၃ နာရီ ၅ မိနစ်မှာ တကြိမ် ဗုံးလာကြဲတာလို့ ဒေသခံက ပြောပါတယ်။
ကွတ်ခိုင်ဒေသခံ အမျိုးသားတဦးက “ကွတ်ခိုင်မှာ လေယာဉ် ဗုံးလာကြဲသွားပြီ။ အခု အခု။ စကားပြောနေချိန်တောင် နောက်တလုံး ပြန်ကြဲပြီ” လို့ ပြောပါတယ်။
ဈေးသူဈေးသားတွေက လေယာဉ်သံကြားလို့ ဈေးသိမ်းပြီး ဈေးပိတ်ထားပြီးသား ဖြစ်တဲ့အတွက် လူအထိအခိုက် ရှိမရှိ မသိရသေးပါဘူး။
“လေယာဥ်သံကြားတော့ တချို့ဆိုင်တွေ အစောကြီးပိတ်ကုန်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။
မနေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်ကတည်းက လေယာဉ်က ၂ ပတ် ၃ ပတ် ပတ်နေတာ မြင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က တိုက်ပွဲမရှိဘဲ MNDAA နဲ့ TNLA တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်တွေဘက် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ထန်တလန် ခလရ-၂၆၉ အထိုင်တပ်ကုန်းကို ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်
ချင်းပြည်နယ်၊ ထန်တလန်မြို့က ခလရ-၂၆၉ အထိုင်ကုန်းကြီးကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်က ဩဂုတ် ၅ ရက်မှာ သိမ်းပိုက်လိုက်ပြီးနောက် တမြို့လုံးနီးပါးကို နယ်မြေစိုးမိုးလာနိုင်ပြီလို့ ချင်းအမျိုးသားတပ်-CNA ပြောခွင့်ရသူ ဆလိုင်းထက်နီက DVB ကို ပြောပါတယ်။
ဩဂုတ် ၅ ရက် မနက် ၉ နာရီမှာ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက် အထိုင်ချထားတဲ့ တပ်ကုန်းစခန်းကို ချင်း ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့တာပါ။
ထန်တလန်မြို့ပေါ် ရဲစခန်းနဲ့ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့နေရာ ၂ ခုသာ ကျန်ရှိပြီး ကျန်တဲ့နေရာတွေ အားလုံးနီးပါး သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။
CDF ထန်တလန်တပ်ဖွဲ့ဝင်တဦးက “ဒီမနက် ၉ နာရီမှာ တပ်စခန်းကုန်းကို ကျနော်တို့ သိမ်းခဲ့ပါတယ်။ တပ်ကုန်းမှာက အင်အား ၅၀ လောက်ရှိတယ်။ ထိခိုက်သေဆုံးတော့ မသိရသေးဘူး၊ မြို့ထဲမှာတော့ စခန်းက ရဲစခန်းပဲ ကျန်တော့တာ၊ မြို့တွင်းမှာ သူတို့နေရာယူထားတဲ့ NLD ရုံးတို့ ၂ ခု ၃ ခုပဲ ကျန်တော့တယ်” လို့ ပြောပါတယ်။
ထန်တလန်မြို့ကို Tilim Operation 4 လို့ အမည်ပေးထားပြီး ဇူလိုင် ၂၂ ရက်ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တာပါ။
ချင်းအမျိုးသားတပ်-CNA ပြောခွင့်ရသူ ဆလိုင်းထက်နီက “အခုလက်ရှိ ထန်တလန်မှာကတော့ အခုန ကျနော်တို့သိမ်းထားတဲ့ ၂၆၉ အထိုင်တပ်ကုန်းကြီးအပြင် စုစုပေါင်းကတော့ တပ်ကုန်းနဲ့ဆို ၇ ခုရှိတာပေါ့။ စခန်းငယ်ရော စခန်းကြီးတာရော။ အဲဒီမှာ အားလုံးမဟုတ်ဘဲ စခန်းငယ် ၂ ခုတော့ ရှိသေးတယ်ပေါ့နော်။ ကျန်တဲ့ဟာအားလုံးတော့ သိမ်းထားပြီးပြီပေါ့။ ဆိုတော့ အားလုံးနီးပါးတော့ ကျနော်တို့ စိုးမိုးထားလို့ ရပြီလို့ ပြောလို့ရတယ်။ အခု စခန်းငယ်ကို ဆက်လက်ပြီးတော့ စစ်ဆင်ရေးလုပ်နေတဲ့ အနေအထားပေါ့”လို့ ပြောပါတယ်။
ထန်တလန်ဟာ ချင်းအမျိုးသားတပ်မတော်ရဲ့ ဗဟိုဌာနချုပ်နဲ့ အနီးကပ်ဆုံးမှာရှိပြီး စစ်ကောင်စီဘက်ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးထိုင်တဲ့ ဟားခါးဗျူဟာနားမှာရှိလို့ အရေးပါတဲ့နေရာဖြစ်ပါတယ်။
လူထုတွေ ပြန်နေထိုင်ဖို့အတွက်ဆိုရင် ချင်းပြည်အစိုးရ ပူးပေါင်းတပ်ရဲ့ နယ်မြေစိုးမိုးမှုအပေါ် မူတည်တဲ့အပြင် တမြို့လုံးနီးပါး ဖျက်ဆီးခံထားရလို့ ပြန်လည်ထူထောင်ရေးအတွက် အချိန်အတော်လေးပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ချင်းအမျိုးသားတပ်-CNA အနေနဲ့ ခုခံစစ်အနေအထားကနေ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုပေါ် မူတည်ပြီး မြို့သိမ်းတိုက်ပွဲတွေကို ကြိုးစားဖော်ဆောင်နေတာလို့ ဆိုပါတယ်။
အခုသိမ်းပိုက်လိုက်နိုင်တဲ့ ခြေလျင်တပ်ရင်း ၂၆၉ တပ်ကုန်းကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်တွေက ၂ ပတ်နီးပါးကြာ တိုက်ခိုက်ခဲ့ရပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း အရေအတွက်ကိုတော့ အသေးစိတ် မသိရသေးပါဘူး။
ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကိုလည်း CDF တွေက အဖက်ဖက်ကပိတ်ဆို့ထားပြီး မကြာခင်မှာသိမ်းယူနိုင်လိမ့်မယ်လို့ မင်းတပ်ပအဖတာဝန်ရှိသူ ရောမန်က ပြောပါတယ်။
"ချင်းပြည်မြောက်ပိုင်းကဟာတွေကတော့ ချင်းလန်းကောင်စီက ဒီနေ့ထန်တလန်ကို တော်တော်လေးသိမ်းလိုက်ပြီပေါ့လေ။ နည်းနည်းပဲကျန်တော့တယ်ပေါ့။ ထန်တလန်က သူတို့မြို့ပေါ်ကို တိုက်နေတာ တပ်စခန်းကုန်းရပြီပြောတယ်။ CB ဘဏ်တို့ ရဲစခန်းတို့ တခြား ၂ နေရာ ၃ နေရာမှာကျန်နေတဲ့ဟာတွေတော့ တိုက်ယူနေတုန်းပြောတယ်။ အဓိကပင်မကုန်းကြီးတော့ ရသွားပြီပြောတယ်ဒီနေ့မနက်ပဲ။ ပြီးခဲ့တဲ့အပတ်မှာဆိုရင် ထန်တလန်နဲ့ ဟားခါးကြားထဲကစခန်းကုန်းလေးတွေလေ ၄-၅ ခုတော့ရထားတာရှိတယ်။ မနေ့က ရိက္ခာထုပ်ချတာကို ကြည့်ခြင်းအားဖြင့် သူတို့ မြေပြင်စစ်ကူလည်းမထွက်နိုင်ဘူး။ ဘာမှလည်း မလုပ်နိုင်ဘူး။ မင်းတပ်မြို့ဆို ကျနော်တို့ ပိတ်ဆို့ထားတာ တနှစ်လောက်ရှိပြီကိုး။ ကျနော်တို့က လူတယောက်ကို ဆန် တတင်းခွဲလောက်ပဲသယ်ခိုင်းတာ၊ နည်းနည်းချင်းစီပဲ သယ်ခိုင်းတော့ မြို့တွင်းကို သူတို့ရောက်နေတဲ့အင်အားက ၄၀၀-၅၀၀ ဝန်းကျင်ရှိမှာကိုး။ ကျနော်တို့က ရေဖြတ်တယ် မီးဖြတ်တယ်။ စားနပ်ရိက္ခာဖြတ်တယ်။ ဒါ တနှစ်လောက်ရှိသွားပြီ။"
ဇူလိုင် ၂၈ ရက်မှာလည်း ဟားခါးမြို့နဲ့ ထန်တလန်မြို့ရဲ့ ရှေ့တန်းအမာခံ Auto တောင်စခန်း ၃ ခုကို သိမ်းပိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။
စဥ့်ကူးမြို့နယ်ကို အတွဲလိုက်ဗုံးသီးကြဲချ ရွာသားများ သေဆုံးဒဏ်ရာရ
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို သြဂုတ် ၄ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က အတွဲလိုက်ဗုံးသီး (Cluster Bombs) တွေ ကြဲချလို့ ဒေသခံပြည်သူ ၁၃ ဦး သေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) ဆီကနေ သိရပါတယ်။
MDY PDF ရဲ့ တာ၀န်ရှိသူတဦးက “စစ်တပ်က လေကြောင်းကနေ တရက်တည်း ကံတောင်ရွာနဲ့ နွယ်ရုံရွာ ၂ ရွာကို အသုံးမပြုဖို့ ပိတ်ပင်ထားတဲ့ အတွဲလိုက် ဗုံးသီးတွေ ကြဲချသွားလို့ ကလေးငယ် ၂ ဦးအပါအ၀င် အပြစ်မဲ့တဲ့ပြည်သူ ၁၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီးတော့ ၃၀ နီးပါး ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရသွားသူတွေကိုတော့ ကျနော်တို့ ဆေးတပ်ဖွဲ့ကနေ အထူးကြပ်မတ် ကုသပေးနေပါတယ်” လို့ DVB ကို အတည်ပြုပြောပြပါတယ်။
စစ်ကောင်စီတပ်ဟာ သြဂုတ် ၄ ရက်၊ နေ့လယ် ၁ နာရီ၀န်းကျင်မှာ ကံတောင်ကျေးရွာကို အတွဲလိုက်ဗုံးသီးတွေ ကြဲချသွားတဲ့အတွက် ကလေးငယ် ၁ ဦး အပါအ၀င် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။
နေ့လယ် ၃ ခွဲဝန်းကျင်မှာလည်း နွယ်ရုံကျေးရွာကို လေကြောင်းကနေ အတွဲလိုက်ဗုံးတွေ ထပ်မံကြဲချခဲ့တဲ့အတွက် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြတယ်လို့ ဆိုပါတယ်။
ကံတောင်ကျေးရွာနဲ့ နွယ်ရုံကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ အတွဲလိုက်ဗုံးတွေ ကြဲချခဲ့တာကြောင့် လူနေအိမ်အများအပြားလည်း ပျက်စီးသွားကြတယ်လို့ သိရပါတယ်။
MDY-PDF ပြောရေးဆိုခွင့်ရှိသူက “ဒီစဥ့်ကူးမြို့နယ်ထဲမှာ မြို့သိမ်းတိုက်ပွဲတွေအတွင်းမှာ ကတည်းက အခုထိ စစ်တပ်က ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ်လုပ်နေတယ်။ သူတို့လုပ်သမျှဟာ ပြည်သူတွေပဲခံနေရတယ်။ အခုလုပ်ရပ်တွေ ဟာလည်း ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီးတော့ အကြီးမားဆုံးစစ်ရာဇဝတ်မှု မြောက်နေပါတယ်။ အပျက်အစီးတွေနဲ့ ပတ်သက်ပြီးတော့လည်း စာရင်းပြုစုနေပါတယ်”လို့ ပြောပါတယ်။
စဉ်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအားလုံးနဲ့ စဉ့်ကူးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) နဲ့ တပ်ပေါင်းစုတွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ အောင်ကိုမင်း အပါအ၀င် အရှင်ဖမ်းဆီးရရှိသူနဲ့ လက်နက်ချသူ ၁၂၉ ဦးရှိပြီး လက်နက်မျိုးစုံ ၇၃ လက်နဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့ပါတယ်။
မန္တလေးမြို့ဝင်ပေါက်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်
သုတချမ်းသာ
မန္တလေးမြို့ ဝင်ပေါက်တွေအားလုံးကို စစ်ကောင်စီက လုံခြုံရေးတင်းကျပ်နေပြီး အင်အားသုံး ခံစစ်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ ဒုတိယလှိုင်းနဲ့အတူ PDF တွေရဲ့ ထိုးစစ်တွေကြောင့် စစ်ကောင်စီဟာ မန္တလေးတိုင်းထဲက စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်ထဲက စခန်းတွေ ဆက်တိုက် ဆုံးရှုံးခဲ့တာပါ။
စဉ့်ကူးမြို့၊ မိုးကုတ်မြို့တွေကို လက်လွှတ်ထားရပြီး သူတို့အတွက် အရေးပါတဲ့ ပြင်ဦးလွင်မြို့ဟာလည်း စစ်ရေးဖိအားတွေအောက်ကို ရောက်နေတာ ဖြစ်ပါတယ်။
လတ်တလောမှာ မန္တလေးမြို့ ဝင်ပေါက်တွေအားလုံးကို စစ်ကောင်စီက လုံခြုံရေး တင်းကျပ်နေပြီး အင်အားသုံး ခံစစ်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီက PDF တွေရဲ့ထိုးစစ်ကို တုံ့ပြန်တဲ့အနေနဲ့ ဩဂုတ် ၄ ရက်က စဉ့်ကူးမြို့နယ်၊ ကန်တောင်ရွာနဲ့ နွယ်ရုံရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၃ ယောက် သေဆုံးခဲ့ပါတယ်။
ဩဂုတ် ၁ ရက်နေ့တုန်းကလည်း မတ္တရာမြို့နယ် အောင်ချမ်းသာရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပါတယ်။
မတ္တရာ PDF မှ ဦးတိုးက “ခံစစ်အသေပြင်တယ်၊ သတင်းကောက်တယ်၊ ရတဲ့သတင်းနဲ့ ရမ်းသန်းပြီးတော့ ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့ထုတယ် ဒါပဲ။ ရှုံးနေတာကြီးကို ဝန်ခံလိုက်လို့၊ ဆက်တိုက်လည်း ရှုံးမှာပဲလို့။ ခင်ဗျားတို့ရှုံးနေတယ်၊ စစ်ရှုံးကောင်စီဖြစ်နေပြီ ဝန်ခံလိုက်။ ဝန်မခံဘဲနဲ့ စစ်ရှုံးတာကို ရှုံးမဲမဲပြီးတော့ အရပ်သားပြည်သူတွေကို လိုက်သတ်နေတဲ့ ကိစ္စကတော့ ပြည်သူလူထုစိတ်ဓာတ်ထဲ အကြောက်တရား ရိုက်သွင်းလည်း ကြောက်လည်း ခဏပဲ။ ဖိရင်ကြွမှာပဲ၊ ထိရင်ချမှာပဲ ဆိုတဲ့စိတ်က အထွတ်အထိပ် ရောက်နေပြီလေ။ စကစဘက်က ထိတ်လန့်ကြောက်ရွံ့ပြီးတော့ ခံစစ်ပြင်နေတာတော့ အကြီးအကျယ် ပြင်နေတာပဲ။ ဘယ်လိုပြင်ဆင်မှုလုပ်လဲဆိုတော့ မန္တလေး-မတ္တရာလမ်းမှာ ရွှေကျင်တိုးဂိတ်ရှိတယ်။ မန္တလေးဝင်ပေါက်တွေက အများကြီးပဲဟာကို၊ အဲဒီဝင်ပေါက်တွေကို လိုက်ပိတ်နေတာလေ၊ သူတို့ဖွင့်ထားတဲ့ဟာတော့ ဖွင့်ပေးထားတာပေါ့။ အဲဒီမှာတော့ ကင်းပုန်းရှိတာပေါ့။ ပြင်ဦးလွင်ကတော့ ဘာမှမထူးဘူး၊ ပြင်ဦးလွင် ငြိမ်နေတာ။ သူတို့ဘက်က လှုပ်ရှားမှုကတော့ သရက်ကိုင်းဘက်မှာ အင်အားတိုးချဲ့တာတို့ မြောက်ဘက်ခြမ်းကို အင်အားတိုးမြှင့်တာတို့ ကင်းပုန်းဝပ်တာတို့ ဒါပဲရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးအရ ရှုံးနိမ့်တာတွေ ဆက်တိုက်ကြုံနေရသလို အနောက်မြောက်တိုင်းစစ်ဒေသ ချင်း၊ စစ်ကိုင်း၊ မကွေးတို့မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားပေး တိုက်ခိုက်တာကို ကြုံတွေ့နေရတာပါ။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုနဲ့ မန္တလေးတိုင်း စစ်ရေးသတင်းတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ရေးငြိမ်သက်သလို ရှိခဲ့ပေမဲ့ မြေပြင်မှာ ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပြီး PDF တွေက မထုတ်ပြန်ခဲ့တာသာဖြစ်တယ်လို့ မုံရွာသပိတ် ဦးဆောင်ကော်မတီဝင်တယောက်က ပြောပါတယ်။ PDF တွေရဲ့ ဖိအားပေးမှုကြောင့် ဇူလိုင်လကုန်မှာ တကောင်းနီကယ်စက်ရုံကို စစ်ကောင်စီက လက်လွှတ်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မုံရွာသပိတ်ဦးဆောင်ကော်မတီမှ ခန့်ဝေဖြိုးက “ကျနော်တို့ စစ်ကိုင်းမှာဆိုရင်လည်း သူ့နည်းသူ့ဟန်နဲ့ပေါ့နော်၊ တော်လှန်ရေးအဖွဲ့တွေက စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်ပြီးတော့ လုပ်ဆောင်နေတာတော့ တွေ့ရပါတယ်။ စစ်ကိုင်းအထက်ပိုင်းမှာဆိုရင် တိုက်ပွဲတွေ ပြင်းနေတာကို တွေ့ရပါတယ်။ သူတို့ မထုတ်ပြန်လို့ပေါ့နော်။ အဲဒါအပြင် ကျနော်တို့ ဘုတလင်၊ ပုလဲမြို့ပေါ်၊ ဆားလင်းကြီးမြို့ပေါ်တွေမှာလည်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ခဲ့တာလည်း တွေ့ရတယ်ဆိုတော့ စစ်ကိုင်းစစ်ရေးအခြေအနေကလည်း ငြိမ်သက်နေတာမဟုတ်ဘဲနဲ့ သူ့နည်းသူ့ဟန်နဲ့ လှုပ်ရှားနေတာတော့ မြင်ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို လက်လွှတ်ခဲ့ရပြီးနောက် ပြိုလဲမှုတွေ ဆက်တိုက်ဖြစ်လာမယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
စစ်ကောင်စီဟာ တိုင်းရင်းသားဒေသတွေ အပါအဝင် နိုင်ငံတဝန်း နေရာအနှံ့အပြားမှာ ဖိအားပေးခံနေရတာဖြစ်ပြီး မြေပြင်စစ်ကူမပေးနိုင်တော့ဘဲ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့သာ အခြေအနေ ထိန်းနိုင်ဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။
ကျောက်မဲ စစ်တပ်ဝင်း နေရာတဝိုက်မှာ တိုက်ပွဲဆက်ဖြစ်၊ စစ်ရှောင်တချို့နေရပ်ပြန်
စိုးသူအောင်
စစ်ကောင်စီတပ်ရဲ့ စကခ-၁ အခြေစိုက်တဲ့ ကျောက်မဲမြို့မှာ စစ်တပ်ဝင်းရှိတဲ့နေရာတဝိုက် တိုက်ပွဲတွေကျန်နေပြီး မြို့ထဲမှာတော့ စစ်ရှောင်တချို့ပြန်လာနေထိုင်ကြပြီလို့ မြို့ခံက DVB ကိုပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) ရှိတဲ့အနီးဝန်းကျင်မှာ တိုက်ပွဲဆက်ရှိနေပြီး စစ်ရှောင်တချို့လည်းနေရပ်ပြန်လာကြပြီလို့ ကျောက်မဲမြို့ထဲ လက်ရှိ နေထိုင်နေသူက ပြောပါတယ်။
စစ်ကောင်စီတပ်စခန်းတွေနားမှာ လေယာဉ်ဗုံးကြဲတာရှိပေမဲ့ မြို့ထဲမှာတော့ လေယာဉ်တွေဝဲတာပဲရှိပြီး ငြိမ်သက်နေတာ ၄ ရက်ဝန်းကျင်လောက်ရှိပြီလို့လည်း ဆိုပါတယ်။
ကျောက်မဲမြို့ခံ အမျိုးသမီးတဦးက “ ကျောက်မဲမြို့မှာတော့ လူတွေတော်တော်များများတော့ ပြန်ဝင် လာပါပြီရှင့်၊ ကျော်ကမဲတစ်မြို့ တစ်ဝက်လောက်တော့ ပြန်ရောက်ပြီပေါ့နော်။ အလုပ်တွေတော့ လုပ်လို့ မရသေးဘူးရှင့်။ ကိုယ့်ရှိတာလေးကို စုထားတာလေးပဲစားနေကြတာပေါ့။ အသား၊ ငါးမစားရ အရွက်လေး စိုက်ထားတာလေး ခူးစားကြပေါ့ အဲလိုပေါ့။ ဖုန်းလိုင်းတွေတော့ ဘယ်တလိုင်းမှမရဘူး CDMA ပဲ ရတာရှင့်။ ပြီးပြီလားဆို ပြီးသလောက် ဖြစ်သွားပြီလို့ပြောရမယ်၊ တော်တော်ကြီးကိုငြိမ်သွားပြီရှင့် “
လွန်ခဲ့တဲ့ ၁၀ ရက်ဝန်းကျင်လောက်ကစပြီး CDMA ကလွဲလို့ ဖုန်းလိုင်းအကုန် ပြတ်တောက်နေကာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးတွေလည်း မြှင့်တက်နေပါတယ်။
လက်ရှိကျောက်မဲမြို့မှာ စက်သုံးဆီ တစ်လီတာကို ကျပ် ၇၀၀၀ ဝန်းကျင်ဈေးပေါက်နေပြီး ရှမ်းဆန် တစ်ပြည်ကို ၄၅၀၀ နဲ့ ပေါ်ဆန်းမွှေး တစ်ပြည်ဆိုရင် ကျပ် ၇၀၀၀ ဝန်းကျင်အထိ ရှိနေတာပါ။
စစ်ရှောင်တွေကို ကူညီနေသူတစ်ယောက်ရဲ့ပြောပြချက်ကို လုံခြုံရေးအရ DVB သတင်းထောက်က အသံအစားထိုး ဖတ်ပြထားပါတယ်။
ကျောက်မဲမြို့ခံ စစ်ရှောင်အရေးကူညီသူတဦးက “ကြပ်တည်းနေကြတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဆန်ဝေတဲ့အချိန်မှာ အလုအယက်ကို ဖြစ်ခဲ့တာ။ လုံခြုံရေးက တိုင်းရင်းသားတပ်မတော်က ထိန်းသိမ်းထားတာပေါ့။ ဒါပေမဲ့ ၆၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ခေတ်ပျက်နေတော့ စားစရာမရှိတဲ့သူက ခိုးကြဝှက်ကြပေါ့။ အဓိက ခိုးတာပါပဲ။ ဒါပေမယ့် မဆိုင်တဲ့ အဲလို ဓားပြတိုက်တာတို့၊ လုယက်တာတို့ကတော့ လုံးဝမကြားရဘူး။ အဓိကတော့ လူမရှိတဲ့ အိမ်တွေ ဝင်ဖောက်တာတော့ ကြားတယ်။ ”
မြို့ထဲမှာ မနက် ၆ ၊ ည ၆ အပြင်မထွက်ရအမိန့်ရှိပေမယ့် ဈေးဆိုင်တွေပြန်ဖွင့်နေပြီး မြို့အဝင်၊ အထွက်ကိုလဲ TNLA ဘက်က အရင်လို တင်းကြပ်တာမျိုးမရှိတော့ကြောင်း သူကဆက်ပြောပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကျောက်မဲမြို့မှာ သာသနိကအဆောက်အအုံ ၁၀ လုံးဝန်းကျင်အပါအဝင် လူနေ ၄၀ ဝန်းကျင်ပျက်ဆီးခဲ့ရပြီး လက်နက်ကြီးထိမှန်သေဆုံးသူ ၄၀ ဝန်းကျင်အထိရှိခဲ့ကြောင်းလည်း မြို့ခံတွေက ခန့်မှန်းကြပါတယ်။
TNLA ကတော့ ကျောက်မဲမြို စစ်တပ်စခန်းကုန်းတွေနားမှာ တိုက်ပွဲဆက်ရှိနေပြီး စစ်ကောင်စီတပ်က လက်နက်ခဲယမ်းတွေလေယာဉ်နဲ့ ချပေးနေတဲ့အပြင် ဗုံးကြဲတာတွေ ဆက်ရှိနေကြောင်း ဩဂုတ် ၄ ရက်က ထုတ်ပြန်အသိပေးထားပါတယ်။