ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက်ဒ် ရှာဟာဘူဒင်ရဲ့ အမိန့်နဲ့ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ခါလီဒါဇီယာဟာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်မြောက်လာခဲ့ပါတယ်။
ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာဟာ ရာထူးကနေ ပူပူနွေးနွေး နုတ်ထွက်ပြီး နိုင်ငံခြားကို ထွက်ပြေးသွားခဲ့အပြီး သမ္မတ ရှာဟာဘူဒင်က စစ်တပ်နဲ့ နိုင်ငံရေးသမားတွေကို တွေ့ဆုံကာ ကြားဖြတ်အစိုးရဖွဲ့ဖို့ ဆွေးနွေးပြီးနောက်မှာ အဓိက အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) အကြီးအကဲ ခါလီဒါဇီယာကို ချက်ချင်းပြန်လွှတ်ပေးဖို့ တနင်္လာနေ့ နှောင်းပိုင်းက အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် အာဏာပြုတ်ကျသွားတဲ့ ရှိတ်ခ်ဟာစီနာရဲ့ ခါးသီးတဲ့ပြိုင်ဘက် ခါလီဒါဟာ သူ့ရဲ့ အသက် ၇၉ နှစ်မြောက် မွေးနေ့မတိုင်ခင် ရက်ပိုင်းအလိုမှာ ပြန်လွတ်လာတာပါ။
၁၉၄၅ ခုနှစ် သြဂုတ် ၁၅ ရက်မှာ မွေးဖွားခဲ့တဲ့ ခါလီဒါမှာ အသည်းရောဂါ၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေရှိကြောင်း သူ့ဆရာဝန်တွေဆီကနေ သိရပြီး သူဟာ နိုင်ငံရေးနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တာပါ။
ရှက်ကြောက်တတ်တဲ့ ခါလီဒါဟာ သူ့ခင်ပွန်း စစ်ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ် သမ္မတဟောင်း ဇီယာအူရ် ရာမန် ၁၉၈၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ လုပ်ကြံသတ်ဖြတ် မခံရခင် အချိန်အထိ သူ့သား ၂ ယောက်ကို ပြုစုပျိုးထောင်ဖို့ပဲ စိတ်အားထက်သန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံရေးလောကထဲ ဝင်ရောက်လာပြီး ၃ နှစ်အကြာမှာတော့ သူ့ခင်ပွန်းရဲ့ ရှေးရိုးစွဲ BNP ပါတီရဲ့ ခေါင်းဆောင်ဖြစ်လာပြီး သူ့ခင်ပွန်းရဲ့ “ဘင်္ဂလားဒေ့ရှ်ကို ဆင်းရဲမွဲတေမှုနှင့် စီးပွားရေး ဆုတ်ယုတ်မှုမှ လွတ်မြောက်ရေး” ဆိုတဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
ခါလီဒါဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံ့ဖခင်နဲ့ အဝါမီလိဂ်ပါတီ အကြီးအကဲ ရှိတ်ခ် မူဂျိ(ပ်) အူရ်ရာမန်ရဲ့ သမီးဖြစ်သူ ရှိတ်ခ်ဟာစီနာနဲ့ လက်တွဲပြီး ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဦးဆောင်ကာ ၁၉၉၀ ခုနှစ်မှာ စစ်အာဏာရှင် ဟော့စိန် မိုဟာမက်ဒ် အရ်ရှဒ်ကို ဖြုတ်ချခဲ့တာပါ။
ဒါပေမဲ့ ခါလီဒါနဲ့ ဟာစီနာ တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကြာရှည်မခံဘဲ နောက်နှစ်မှာ ကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ပထမဆုံး လွတ်လပ်တဲ့ ရွေးကောက်ပွဲမှာ ခါလီဒါက ဟာစီနာကို အံ့ဩစရာ အနိုင်ရခဲ့ပြီး အစ္စလာမ့်နိုင်ငံရေးမဟာမိတ်တွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
အဲဒီလိုနဲ့ ခါလီဒါဇီယာဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ပါကစ္စတန်သမ္မတ ဘနာဇီယာဘူတို ပြီးရင် အဓိက မွတ်ဆလင်နိုင်ငံတခုရဲ့ ဒီမိုကရေစီအစိုးရကို ဦးဆောင်နိုင်တဲ့ ဒုတိယမြောက် အမျိုးသမီးတဦး ဖြစ်လာခဲ့ပါတယ်။
Source-Reuters