Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်တွင် ဒီမိုကရေစီနည်းကျ ကြားဖြတ်အစိုးရဖွဲ့ရန် ကုလတောင်းဆို
DVB
·
August 6, 2024
Photo-Reuters

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးကနေ နုတ်ထွက်ပြီးတော့ နိုင်ငံကနေ ထွက်ပြေးသွားခဲ့ပြီးနောက်မှာ ကုလသမဂ္ဂက သြဂုတ် ၅ ရက်မှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပြီး ကြားဖြတ်အစိုးရဖွဲ့ရေးမှာလည်း ဒီမိုကရေစီနည်းကျ ဖြစ်စေဖို့ တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟက်ခ်က “ဘင်္ဂလားဒေ့ရှ်မှာ သီတင်းပတ်ကုန် ဆန္ဒပြပွဲတွေအတွင်း နောက်ထပ် အသက်ဆုံးရှုံးမှုကို အတွင်းရေးမှူးချုပ်က ရှုတ်ချခဲ့တယ်” လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

သူက အဘက်ဘက်က တည်ငြိမ်အောင် ထိန်းထားဖို့လည်း တိုက်တွန်းခဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်း၊ စနစ်တကျနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ အရေးပါမှုကိုလည်း အလေးပေး ဖော်ပြခဲ့ကြောင်းလည်း ဆိုပါတယ်။

ဒါကာနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ တခြားမြို့တွေမှာ လမ်းမတွေပေါ်ထွက်နေတဲ့သူတွေကို ကာကွယ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်တွန်းထားတယ်လို့လည်း ဖာရန်ဟက်ခ်က ကုလသမဂ္ဂမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဘင်္ဂလားဒေ့နိုင်ငံရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီးတော့ တည်တည်ငြိမ်ငြိမ်၊ ထိန်းထိန်းသိမ်းသိမ်းနဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို လေးစားလိုက်နာဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်ကလည်း နိုင်ငံတွင်း အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပြီး အဆင့်မြင့်ပိုင်းက အမိန့်ပေးပိုင်ခွင့်ရှိတဲ့သူတွေအတွက် အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုမှာ အရေးကြီးကြောင်း ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီလောက်အရေးကြီးနေတဲ့အချိန်မှာ ပြစ်မှုပြစ်ဒဏ် ကင်းလွတ်ခွင့်ရှိမှာ မဟုတ်ဘူး ဆိုတာကိုလည်း နိုင်ငံတကာ အသိုက်အဝန်းက ရှင်းရှင်းလင်းလင်း လုပ်ထားရမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ပြည်သူတွေနဲ့အတူ တသားတည်း စည်းလုံးညီညွတ်မှုအပြည့်ရှိနေမှာ ဖြစ်ကြောင်းနဲ့ သူတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး နောက်ဆုံးအနေနဲ့ အခုအချိန်အထိ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်မှု အားလုံးကို လွတ်လပ်ပြီး သမာသမတ်ကျပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးကနုတ်ထွက်ပြီး နိုင်ငံထဲကနေ ထွက်ပြေးပြီးတဲ့နောက် တိုင်းပြည် မင်းမဲ့စရိုက် စိုးမိုးနေချိန်မှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံ မေဂါလာယာပြည်နယ်မှာ ဩဂုတ် ၅ ရက် ည ၉ နာရီကစပြီး ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်တလျှောက် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ လွှတ်တော်ကို ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့သလို ဝန်ကြီးချုပ် နိုင်ငံကနေ ထွက်ခွာသွားပြီးတဲ့နောက် သူ့ရဲ့နေအိမ်ကိုလည်း ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ဒါ့အပြင် ဆန္ဒပြသူတွေဟာ ဟာစီနာရဲ့ဖခင် လွတ်လပ်ရေးခေါင်းဆောင် ရှိတ်ခ်မူဂျီဘာ ရာမဲန်ရဲ့ ရုပ်တုကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ မီးရထား ဝန်ဆောင်မှု အားလုံးကို ဆိုင်းငံ့ထားပြီလို့ အိန္ဒိယမီးရထား ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံက ဟာစီနာကို ဘေးကင်းကင်းထွက်ပေါက်ပေးဖို့ သဘောတူခဲ့လို့ ဟာစီနာဟာ ဩဂုတ် ၅ ရက် ညနေ ၄ နာရီ နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကို ရောက်လာခဲ့တယ်လို့ CNN News18 သတင်းဌာနက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေကြောင့် နိုင်ငံအနှံ့အပြားမှာ ဟိန္ဒူဘာသာဝင်တွေ သတ်ဖြတ်ခံနေရပြီး ဒုက္ခသည်ဦးရေ ၁၀ သန်းကျော်ဟာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ထဲကို မကြာမီ ဝင်လာနိုင်တယ်လို့ BJP ပါတီရဲ့ အကြီးတန်းခေါင်းဆောင် စူဗန်ဒူ အဒိခါရီက တနင်္လာနေ့ညမှာ ပြောခဲ့ပါတယ်။

သြဂုတ် ၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ဘင်္ဂလားဒေ့ရှ်သမ္မတက ဝန်ကြီးချုပ်ဟောင်းနဲ့ အတိုက်အခံခေါင်းဆောင် ခါလီဒါ ဇီယာကို ထောင်ထဲကနေ ပြန်လွှတ်ပေးဖို့ အမိန့်ပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပြီးတဲ့နောက် ဝန်ကြီးချုပ်နေအိမ်ရှိရာ ဂါနာဘာဘန် ခြံဝင်းထဲမှာ ကားတစီး မီးရှို့ခံရပြီး အိမ်တော်ထဲက သစ်သားပရိဘောဂတွေကို ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့ကြပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013