Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရဖွဲ့ရန် စစ်ဦးစီးချုပ်နှင့် ကျောင်းသားခေါင်းဆောင်များ တွေ့မည်
DVB
·
August 6, 2024
Photo-CHANNEL 24 / REUTERS

ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ်နဲ့ ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေ ဩဂုတ် ၆ ရက်မှာ တွေ့ဆုံပြီး  ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။

လူထုအုံကြွမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးကနုတ်ထွက်ကာ တိုင်းပြည်က ထွက်ပြေးသွားပြီး နောက်တနေ့မှာ အခုလိုတွေ့ဆုံတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ရှုပ်ထွေးနေလေ့ရှိတဲ့ ဒါကာမြို့ လမ်းမတွေပေါ်မှာ လူသွားလူလာ နည်းပါးနေပါတယ်။ ကျောင်းတွေလည်း ပြန်ဖွင့်ပြီဆိုပေမဲ့ တက်ရောက်သူ နည်းနေသေးတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက်မှုတွေအတွင်း လူ ၃၀၀ လောက် သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်စီးပွားရေးရဲ့ ပင်မလုပ်ငန်းဖြစ်တဲ့ အထည်ချုပ်စက်ရုံတွေကတော့ ၆ ရက်နေ့အထိ ပိတ်ထားဆဲဖြစ်ပြီး နောက်ပိုင်းမှာမှ ဖွင့်မယ့်ရက်ကို ကြေညာသွားမယ်လို့ အထည်ချုပ်လုပ်ငန်းများအသင်းက ထုတ်ပြန်ပါတယ်။

ဟာစီနာ နုတ်ထွက်ရေး ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေကတော့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဂရာမင်းဘဏ် ထူထောင်သူ စီးပွားရေးပညာရှင် မိုဟာမက် ယူနွတ်ကို ကြားဖြတ်အစိုးရရဲ့ ဦးဆောင်အကြံပေးပုဂ္ဂိုလ်နေရာ ပေးဖို့ပါ တောင်းဆိုထားပါတယ်။

ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ နာဟစ် အစ္စလာမ်က စစ်တပ်ထောက်ခံတဲ့အစိုးရ ဒါမှမဟုတ် စစ်တပ်ဦးဆောင်တဲ့ အစိုးရမျိုး လက်ခံမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

သူနဲ့ တခြားခေါင်းဆောင် ၃ ဦး ပူးတွဲရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာ ယူနွတ်နဲ့ ကျောင်းသားတွေ ဆွေးနွေးပြီးဖြစ်ကြောင်း၊ ဖိတ်ခေါ်မှုကို ကာယကံရှင်ဘက်က လက်ခံထားကြောင်း ပြောကြားထားပါတယ်။

အသက် ၈၄ နှစ်အရွယ် ယူနွတ်ဟာ ဒေါ်လာ ၁၀၀ အောက် အသေးစားချေးငွေ အစီအစဉ်နဲ့ လူသန်းပေါင်းများစွာ ဆင်းရဲတွင်းက ရုန်းနိုင်အောင် ကူညီနိုင်တဲ့ ဂရာမင်းဘဏ်ကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၂၀၀၆ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူနွတ်ဟာ ပါရီမှာ အသေးစား ကျန်းမာရေးကုသမှု ခံယူနေတယ်လို့ သူ့ရဲ့ ပြန်ကြားရေးအတွင်းဝန်က ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၅ ရက်က အိန္ဒိယရုပ်သံတခုကနေ ထုတ်လွှင့်တဲ့ အင်တာဗျူးမှာ ယူနွတ်က ၅ ရက်နေ့ကို ဒုတိယလွတ်လပ်ရေးနေ့လို့ သတ်မှတ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ဟာစီနာကို လက်ခံပေးထားတဲ့ အိန္ဒိယကို  ဘင်္ဂလားဒေ့ရှ် ပြည်သူတွေက စိတ်ဆိုးနေတယ်လို့ ယူနွတ်က ပြောခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013