ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့အစွန်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ခြေ ၁,၀၀၀ ကျော်ကို စစ်တပ်က အပြီးဖယ်ရှားခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လဒုတိယပတ်မှာ စတင်ဖယ်ရှားခိုင်းခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၊ သစ်တောနဲ့ စည်ပင်တို့က စာတွေ လိုက်ကပ်ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မြို့အစွန်နေရာတွေမှာ စစ်တပ်က သူတို့ဗျူဟာကုန်းဆောက်မယ်တဲ့၊ အဲတာကြောင့် ခုလို လုပ်တာ။ သူတို့လာကပ်တဲ့စာထဲမှာ ခွင့်ပြုချက်မရှိဘဲ အစိုးရမြေပေါ် ကျူးကျော်ဝင်ရောက်နေထိုင်သူတွေကို ၁၅ ရက် အတွင်း ထွက်သွားရမယ်လို့ စာတွေလာကပ်တယ်။ သူတို့အဲလိုလုပ်တော့ စာကပ်ခံရတဲ့အိမ်တွေဆို သောကတွေရောက်ရတယ်။”
စဝ်စံထွန်းရပ်ကွက်၊ ရတနာသီရိ၊ ချမ်းမြ၊ ရွှေတောင်၊ စိန်ပန်း၊ ကံသာ၊ ကျောင်းကြီးစု၊ ညောင်ဖြူစခန်း အနောက်ဘက်ခြမ်း အစွန်အဖျားကျတဲ့ ရပ်ကွက်တွေထဲက နယ်မြေ ဧက ၂,၀၀၀ ကျော်ကို ကျူးကျော်အဖြစ် သတ်မှတ်ထားပြီး စာကပ်ကာ ဖယ်ရှားခိုင်းခဲ့တာပါ။
ဒေသခံ နောက်တဦးက “စာကပ်ခံရတဲ့အိမ်တွေဆို တချို့က စျေးပေါပေါနဲ့ ရောင်းတာရှိတယ်။ မသိတဲ့သူဆို ဝယ်မိမှာလည်းစိုးရိမ်ရတယ်။ ခုက အကုန်ခက်ခဲတာပဲလေ။ ကိုယ့်အပူကို သူများမပေးမိဖို့တော့ လိုတာကြောင့် အားလုံးကို မြေဝယ်ယူရင် ဂရုတစိုက်ဝယ်ယူစေချင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာလည်း တောင်ကြီးမြို့ မောချယ်ရီကားကွင်း၊ ဆေးတပ်ရင်းတိုက်တန်း အပါအဝင် ရှမ်းရိုးမ တိုက်တန်း၊ ကရင်မရေထွက် တိုက်တန်းတို့ရှိ ဆိုင်ခန်း ၅၁၁ ခန်းကို စစ်တပ်က ဘူဒိုဇာနဲ့ ဖျက်ဆီးခဲ့ပါသေးတယ်။