တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့က ဗျူဟာကုန်းအဟောင်းကို စစ်ကောင်စီတပ်က ဩဂုတ် ၇ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးထပ်ကြဲခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ကွတ်ခိုင်မြို့ခံတယောက်က “ဒီနေ့ ၂ နာရီထိုးခါနီးက တခေါက်လာသွားတယ်။ ၂ လုံးချသွားတယ်။ ဗျူဟာဘက်၊ အရင် စစ်တပ်ထိုင်ခဲ့တဲ့ ဗျူဟာအဟောင်းနေရာပဲလေ။ အဲဘက်ကိုကျတော့ အဝင်အထွက်က သွားလာခွင့်မရှိဘူး။ ကျနော်တို့လည်း ပုံးကျင်းထဲ ရောက်တဲ့သူက ရောက်။ မနေ့ကနဲ့ ဒီနေ့ဆို မြို့ပေါ်မှာ ရှင်းနေတာပဲ။ ဒီနေ့ ထပ်ပြီး လာကြဲသွားတော့ နောက်နေ့ဆို ပိုရှင်းသွားမှာပဲ” လို့ ပြောပါတယ်။
တချို့မြို့ခံတွေက နီးစပ်ရာကျေးရွာတွေဆီ ထပ်မံစစ်ရှောင်သွားကြသလို အများစုကတော့ ကိုယ့်နေအိမ်ထဲက ဗုံးခိုကျင်းတွေမှာ ခိုလှုံနေကြပြီး တချို့က ပုံးကျင်းမရှိတာကြောင့် ပေါင်းနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဩဂုတ် ၅ ရက်ကလည်း တိုက်ပွဲဖြစ်တာမရှိတဲ့ ကွတ်ခိုင်မြို့ပေါ်ကို လေကြောင်းကနေ ၄ ကြိမ်လာပြီး ပေါင် ၅၀၀ ဗုံး ၇ လုံး ကြဲချတာကြောင့် ရပ်ကွက် ၅ နဲ့ ၈ ဘက်က ဒေသခံ ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကွတ်ခိုင်မြို့မဈေးလည်း ပျက်စီးခဲ့ပြီး စုစုပေါင်း ဆိုင်ခန်း ၄၀၁ ခန်းနဲ့ အရပ်သားနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ခဲ့ရတယ်လို့ သိရပါတယ်။