ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ စစ်ကောင်စီက အရပ်သား ၇၀ ကျော်ကို သြဂုတ် ၄ ရက် ညမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့၊ ဓညဝတီရပ်ကွက် အကွက် ၆၊ အကွက် ၇၊ အကွက် ၈ နဲ့ ကသဲရပ်ကွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့တာလို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းစစ်တယ် ဆိုပြီးတော့ ရပ်ကွက်အတွင်းက လူရှိတဲ့ အိမ်တွေ အကုန်လုံးကို စစ်ဆေးသွားတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း မပါဘူး။ ပြီးတော့ သူတို့ ဖမ်းချင်တဲ့သူတွေဆိုရင် အကုန်ဖမ်းတယ်။ ကလေးတွေတောင် ပါသွားတယ်လို့ သိရတယ်။ စစ်ကောင်စီက ထင်တိုင်းကိုကြဲနေတာ။”
ဖမ်းဆီးခံခဲ့ရသူတွေမှာ အမျိုးသားတွေအပြင် အမျိုးသမီးနဲ့ ကလေးတွေလည်း ပါဝင်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
စစ်တွေမြို့မှာ စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေကို ထင်ရင်ထင်သလို စစ်ဆေးရေးတွေ ပြုလုပ်ပြီးတော့ အရပ်သားတွေကို ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။
စစ်တွေမြို့မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အရပ်သား ၄၀၀ ကျော်ခန့်ရှိပြီး မရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ အပါအဝင် ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုထားတာတွေလည်း ရှိတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
စစ်ကောင်စီက စစ်တွေမြို့နယ်အတွင်း အရပ်သားတွေကို ဖမ်းဆီးပြီး ငွေညှစ်မှုတွေ ပြုလုပ်နေကာ လူတဦးကို အနည်းဆုံး ငွေကျပ် ၇ သိန်းကနေ သိန်း ၅၀ အထိ တောင်းခံမှုတွေ ရှိနေတယ်လို့လည်း စစ်တွေမြို့ခံ နောက်တဦးက ပြောပါတယ်။
“စစ်တွေမှာ အရပ်သား ဖမ်းဆီးခံရတာတိုင်းမှာ စစ်ကောင်စီက ငွေဘယ်လောက်ပေးရင် လွှတ်ပေးမယ်ဆိုပြီး မိသားစုတွေ ငွေညှစ်တာတွေ ရှိတယ်။ လူတဦးကို အနည်းဆုံး ကျပ်ငွေ ၇ သိန်းကနေ ကျပ်ငွေ သိန်း ၅၀ အထိ တောင်းတယ်လို့ သိရတယ်။ ဒီဟာက စစ်ကောင်စီအဖွဲ့ဝင်တွေ တရားမဝင်နည်းလမ်းနဲ့ ငွေရှာတာပေါ့။ စစ်တွေ မတိုက်ခိုက်ခံရခင်မှာ သူတို့အတွက် ငွေကို အောက်လမ်းက ရသလောက်ရှာဖွေနေတဲ့သဘော ဖြစ်တယ်။”
စစ်တွေမြို့မှာ မင်းဂံ၊ မြို့သူကြီး၊ ကုန်တန်း၊ စက်ရုံစုနဲ့ ဓညဝတီ ရပ်ကွက်တွေ အပါအဝင် မြို့ပေါ်ရပ်ကွက်တချို့က ဒေသခံ ၇၀၀ ထက်မနည်းကို ဖမ်းဆီးထားပြီး ၃၀၀ ကျော်ကို ငွေပေးပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ ငွေမပေးနိုင်သူတွေနဲ့ စစ်တွေမှတ်ပုံတင် မဟုတ်သူ ၄၀၀ ကျော်ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
အဲဒီလို ဖမ်းဆီးခဲ့တဲ့အထဲက မေလကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဗျဉ်းဖြူရွာဖြစ်စဥ်မှာ စစ်ကောင်စီက ကျေးရွာသား ၇၄ ဦးထက်မနည်းကို ပစ်သတ်ခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ စစ်တွေမြို့ခံ ထက်ဝက်ခန့်ဟာ ပြည်မနဲ့ လွတ်မြောက်နယ်မြေတွေကို တိမ်းရှောင်နေကြပြီး ငွေကြေးမတတ်နိုင်သူ အများစုနဲ့ ဝန်ထမ်းတွေလောက်သာ မြို့ပေါ်မှာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး စစ်တွေမြို့နယ်ဟာလည်း စစ်ရေးအရ ဝန်းရံပိတ်ဆို့ခံထားရတဲ့ အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။