Home
မြန်မာသတင်း
ရေစကြိုတွင် စစ်တပ်နှင့် ပျူစောထီးများ မီးရှို့၊ လူနေအိမ် ၂၃ လုံး မီးလောင်ပျက်စီး
DVB
·
August 7, 2024
Photo - ပရဟိတအဖွဲ့၀င်တဦး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကိုရင့်ကျေးရွာကို သြဂုတ် ၆ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းပြီး ရွာကိုမီးရှို့သွားတာကြောင့် နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ကိုရင့်ရွာခံတဦးက “စစ်သားနဲ့ ပျူ ၇၀ နီးပါးလောက်ရှိတယ်။ မနက်အစောကြီး သေနတ်တွေဖောက်ပြီး ဝင်လာကြတာ။ ရွာကလူတွေကလည်း ကြောက်လို့ ပြေးကြတော့ဗျာ၊ အိမ်တွေထဲကပစ္စည်းတွေ ခိုးသွားကြတာပေါ့။ အဓိကကတော့ဗျာ တန်ဖိုးကြီးတဲ့ပစ္စည်းနဲ့ ရွှေ၊ ပိုက်ဆံနဲ့ ဆန် ဆီတွေ ခိုးသွားကြတယ်။ ဆိုလိုရင်းပြောရရင်တော့ စစ်သားတွေက ရွာကို ဓားပြလာတိုက်တာပါ” လို့ DVB ကို ပြောပါတယ်။

အဆိုပါနေ့ နေ့လယ်ပိုင်းမှာ စစ်သားတွေနဲ့ ပျူစောထီးတွေ ရွာထဲက ပြန်ထွက်သွားကြပေမဲ့ ကျေးရွာအတွင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြတဲ့အတွက် လူနေအိမ် ၂၃ လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်က ပရဟိတအဖွဲ့တခုရဲ့ တာဝန်ခံတဦးက “ဒီနယ်မှာက PDF အင်အားကြီးသလို စစ်သားတွေကလည်း ပျူရွာတွေမှာ တပ်စွဲနေတာတွေ ရှိတယ်။ အဲဒီ ပျူရွာတွေမှာ တပ်စွဲနေတဲ့ စစ်သားတွေကို သူတို့တပ်ရင်းတွေကလည်း ရိက္ခာမပို့နိုင်တော့ အခုလိုပဲ နီးစပ်ရာရွာတွေက ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေကို လုစားနေကြတာ။ သူတို့က ပစ္စည်းလည်းခိုးသေးတယ်၊ အိမ်တွေကိုလည်း မီးရှို့သွားကြတာ၊ တော်တော်လေးယုတ်မာတဲ့ လုပ်ရပ်ပါပဲ။ မိုးတွင်းကာလဆိုတော့ အခက်အခဲ အများကြီးဖြစ်ကြတာပေါ့။ ကျနော်တို့တွေလည်း မီးရှို့ခံရတဲ့အိမ်တွေက ပြည်သူတွေကို ကူညီဆောင်ရွက်ပေးဖို့လည်း ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းတွေဖြစ်ကြတဲ့ အမှတ် ၂၅၆၊ ၂၅၇ နဲ့ ၂၅၈ စတဲ့ ခြေလျင်တပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေဟာ ဒေသခံ ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေဆီက တန်ဖိုးကြီးပစ္စည်းတွေကို လုယူတာ၊ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးငွေညှစ်တာတွေအပြင် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ အနီးအနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တာတွေကို မကြာခဏ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက တိုက်ပွဲတခုမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားဆီက သိမ်းဆည်းရရှိတဲ့ ဖုန်းထဲကနေ စစ်သားတွေနဲ့ ပျူစောထီးတွေဟာ ရေစကြိုမြို့နယ်ထဲက ကျေးရွာတရွာအတွင်းက လူနေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးနေတဲ့ ရုပ်သံမှတ်တမ်းကို Southern YSO PDF က ဇူလိုင် ၁၅ ရက်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013