Home
မြန်မာသတင်း
ရေး-ထားဝယ်နှင့် ရေး-လမိုင်း လမ်းပိုင်းများ ပြန်လည်ထိန်းချုပ်ရန် စစ်တပ်အင်အားဖြည့်
DVB
·
August 6, 2024

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ ရေး-ထားဝယ်လမ်းပိုင်းနဲ့ ရေး-လမိုင်းလမ်းပိုင်းကို  KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီက ရေကြောင်းကပါ အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်လာနေတယ်လို့ ရေးဘီးလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။  

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ ရေး-ထာဂဝယ်လမ်း၊ ရေး-လမိုင်းလမ်းပိုင်းကို KNLA၊ PDF ပူးပေါင်း စစ်ကြောင်းတွေက ထိန်းချုပ်ထားတဲ့အပြင် လမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို စစ်တပ်ရဲ့ လက်နက်ခဲယမ်းအပါအဝင်  လူနဲ့ပစ္စည်းတွေ သယ်ဆောင်သွားလာတာတွေ ရှိမရှိနဲ့ အများပြည်သူအန္တရာယ် ကင်းရှင်းရေးအတွက် လုံခြုံရေးရယူတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်လာတယ်လို့  ရေးဘီးလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“မွန်ပြည်နယ်၊ ရေးမြို့နယ်ခွင်တွေကော၊  လမိုင်း၊ မုကနယ်၊ ခေါဇာ၊ အဲဘက်အပိုင်းတွေကအစ ကျေးရွာကြီးတွေရဲ့ ဝန်းကျင်တွေမှာရယ်။ မလွှဲတောင်ရဲ့ အောက်ဘက်ခြမ်းအပိုင်း ၉ မိုင် မွန်ပြည်နယ် နောက်ဆုံးမြို့တွေဖြစ်တဲ့ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွင်တွေမှာတော့ စစ်ရေးလှုပ်ရှားမှု ပိုပိုပြီးတော့ စစ်ကောင်စီဘက်က  အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာမျိုးတွေ ကြုံတွေ့ရတယ်။ ကာကင်းတွေလည်း များလာတယ်။ စစ်ရေးလှုပ်ရှားမှုတွေကတော့ တနေ့ထက်တနေ့ ရေကြောင်းလမ်းကနေ တိုးတယ်။”

ဇူလိုင် ၂၈ ရက်ကစတင်ပြီး ရေးမြို့နယ် လိမ္မော်ခြံကျေးရွာနဲ့ မော့ကနင်ကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ 

စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ ဖမ်းဆီးသတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က စစ်အင်အားတိုးချဲ့လာတာကြောင့် ပြန်လည်နေထိုင်မရသေးဘူးလို့ မွန်ဖက်ဒရယ်ကောင်စီ (MSFC) လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနမှူး မိဆုတဂျိုက ပြောပါတယ်။

“အခုတော့ နည်းနည်းငြိမ်နေတယ်။ စစ်ကောင်စီတပ်ဘက်က သင်တန်းဆင်းလာတဲ့ တပ်သားသစ်တွေ ရောက်လာတာရှိတယ်။ စစ်ကောင်စီတပ်ဘက်က ဒီဘက်ကို စစ်အင်အားတိုးချဲ့လာတာ ရှိတယ်။ ရေးဘက်ကော၊ ရေဖြူဘက်ကော ရှိတယ်။ အထူးသဖြင့် အမှတ် ၈ လမ်းမကို တော်လှန်ရေးဘက်က ပြန်ဆုတ်ထားတာတွေ ရှိတယ်။  လက်ရှိမှာကျတော့ ရှိခဲ့တဲ့အိမ်တွေ အရင်ရှိပြီးသားလူတွေလည်း ပြန်လို့မရသေးဘူး။ သူတို့ စစ်အင်အား တိုးချဲ့နေတယ်။”

ဇူလိုင် ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ‌မှာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လိမ္မော်ခြံကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဖွားအိုတယောက်နဲ့ အမျိုးသားတယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

ဒါ့အပြင် ရေး-ထားဝယ်လမ်းပိုင်းမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး ခရီးသည်တင် ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေကြေးတောင်းခံတာတွေ ရှိတယ်လို့ ဆိုပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013