Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် စစ်တပ်ဦးဆောင်ပြီး MNDAA ဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ်
DVB
·
August 6, 2024

ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်ပြုလုပ်တဲ့ MNDAA ဆန့်ကျင် ဆန္ဒပြပွဲကို ဒီနေ့ မနက်ကိုးနာရီက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူအင်အား ၁၀၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပါတယ်။

ကိုးကန့်တပ် (MNDAA) ဆန့်ကျင်ပွဲလာသူတွေကို YBS ခရီးသည်တင်ယာဥ်တွေက မနက် ၈ နာရီမှစပြီး အကြိုအပို့လုပ်ပေးကာ အင်အားထောင်ချီလာရောက်တယ်လို့ ကျောက်တံတားမြို့ခံတဦးက DVB ကို ပြောပါတယ်။

“လူကတော့ အစုံလာတာ။ ရဲတွေရော၊ စစ်တပ်ရောရှိတယ်၊ အရပ်ဝတ်နဲ့ လုံခြုံရေးယူပေးနေတဲ့ အဖွဲ့တွေလည်း။ လူများတယ်ဆိုတာ တနေရာစုရပ်လုပ်ပြီး YBS တွေနဲ့ခေါ်လာတာ လူထောင်ကျော်ရှိတယ်။” 

အဆိုပါဆန္ဒပြပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်လုံဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင့်က ဆန္ဒပြပွဲလာသူတွေ သွားလာရေး နဲ့ လုံခြုံရေးအတွက် တာဝန်ယူထားတာပါ။

တိုင်းအစိုးရအစီအစဥ်နဲ့လုပ်တဲ့ ဆန္ဒပြပွဲဖြစ်တာကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေ စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ အသင်းအဖွဲ့တွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေ လာကြပါတယ်။

တပ်ထောက်ခံသူတွေထဲမှာ စစ်ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို နေရာဖယ်ပေးဖို့ လိုလားသူတွေလည်း ရှိနေတယ်လို့ စစ်မှုထမ်းဟောင်းတဦးက ပြောပါတယ်။

“ဆန္ဒပြရမယ့်အချိန်မဟုတ်ဘူး၊ ပြလို့လည်း ဘာမှထူးလာမှာမဟုတ်ဘူး။ ကာချုပ်၊ ဒုကာချုပ် မလုပ်နိုင်ရင်ဆင်း၊ လုပ်နိုင်တဲ့သူ လွှဲပေးလိုက်။ စစ်တပ်သမိုင်းမှာ ခမရတိုင်းအထိကျပြီး တိုင်းမှူးပါအဖမ်းခံရတာ သူ့တို့လက်ထက်မှာဖြစ်တာ၊ အားလုံးကိုဝန်ခံပြီး နုတ်ထွက်ပေးစေချင်တယ်။” 

နေပြည်တော် မြို့နယ်ခန်းမရှေ့မှာ ဒီနေ့ နေ့လယ် ၁ နာရီပြုလုပ်တဲ့ MNDAA ဆန့်ကျင်ရေးဆန္ဒပြပွဲကို နောင်တော်လေး၊ ဇော်ဘုန်းဟိန်း၊ ဦးစံဝင်းတို့က ဦးဆောင်သွားမှာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးပထမအကြိမ် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်အတွင်းရှိ မြို့တွေ သိမ်းဆည်းရပြီးနောက် ၂၀၂၃ ခု ဒီဇင်ဘာလမှာ ကိုးကန့်တပ် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) အဖွဲ့ကို ဆန္ဒပြခဲ့ကြတာလည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013