ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဦးနုချောင်းကျေးရွာက စစ်မှုထမ်း မဲပေါက်တဲ့ လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးက အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ တိမ်းရှောင်ထွက်ပြေးသွားတဲ့ လူငယ် ၂ ယောက်ဟာ ဦးနုချောင်းကျေးရွာအုပ်စု၊ ဖိုးကောင်းချောင်းကျေးရွာကဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီခန့် ဦးနုချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ဦးဆောင်ပြီး သြဂုတ် ၄ ရက်က စတင်ကာ လိုက်လံစုံစမ်း ရှာဖွေနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကောင်လေးတွေက ထွက်ပြေးသွားတာ ၄ ရက် ၅ ရက်လောက်ရှိပြီလို့ သိရတယ်။ စစ်မှုမထမ်းချင်လို့ ရှောင်သွားတာပါ။ စစ်ကောင်စီခန့် ဦးနုချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက စစ်တပ်ကိုခေါ်ပြီး မိသားစုတွေဆီသွားပြီး စုံစမ်းစစ်ဆေးတယ်၊ ရှာဖွေနေတယ်။ ရွာနဲ့နီးစပ်တဲ့ နေရာတွေကိုလည်း ပိုက်စိပ်တိုက် လိုက်ရှာနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ အင်အား ၁၀ ယောက်ခန့်က မြောင်းမြမြို့နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာတွေထဲအထိ တိမ်းရှောင်သွားတဲ့ လူငယ် ၂ ယောက်ရဲ့ ဓာတ်ပုံတွေကိုပြပြီး ရက်ဆက် လိုက်လံရှာဖွေနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
မြောင်းမြမြို့နယ်က ဒေသခံတယောက်က “နာမည်ပြောပြီး ဓာတ်ပုံပြပြီး ပိုက်စိပ်တိုက်ကို ရှာနေတာ။ ဝှက်မထားပေးဖို့၊ တွေ့ရင်အကြောင်းကြားဖို့၊ ဝှက်ထားရင် ဥပဒေနဲ့ မညီဘူးပေါ့၊ ဒီဘက်ကို လာလိုက်ရှာတဲ့ အဖွဲ့ထဲက စစ်သားတယောက်က ပြောတာ။ အသည်းအသန် လိုက်ရှာနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် ဦးနုချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းချင်လို့ ရှောင်တိမ်းထွက်ပြေးသွားတဲ့ မိသားစုတွေရဲ့ နေအိမ်တွေကို စောင့်ကြည့်နေပြီး တိမ်းရှောင်သွားတဲ့ လူငယ်တွေ ဆက်သွယ်လာရင် အကြောင်းမကြားပါက မိသားစုကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအမှတ်စဉ် ၄ နဲ့ ၅ အတွက် စစ်သားသစ်တွေ စုဆောင်းပေးနေပြီး ဖိအားပေး ခြိမ်းခြောက်တာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။