Home
မြန်မာသတင်း
ဘုတလင်နှင့် မုံရွာတွင် စစ်တပ် တပ်စွဲထားရာ နေရာများ တိုက်ခိုက်ခံရ
DVB
·
August 4, 2024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာ ၂ ခုကို ဩဂုတ် ၃ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရတယ်လို့ ဘုတလင်မြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘုတလင်မြို့မရဲစခန်းနဲ့ မိုးကျူရှင်တို့ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက် နေပြည်သူတယောက်က ပြောပါတယ်။

“ပေါက်ကွဲသံတွေက ရဲစခန်းနဲ့ မိုးကျူရှင်ဘက်က ကြားရတယ်။ စစ်တပ်ဘက်က ပြန်ပစ်တာတွေလည်း ရှိတယ်။ နေ့ရောညပါ စိတ်သက်သက်သာသာကို မနေရပါဘူး။ မြေပြင်ကနေလာပစ်လို့ တိုက်ပွဲဖြစ်လိုက်၊ ဝေဟင်ကနေလာဗုံးကြဲလို့ တိုက်ပွဲဖြစ်လိုက်နဲ့ပါ အကိုရာ။ စိတ်ကိုမချမ်းသာရပါဘူးဗျာ။ မနေ့ကလည်း ဒရုန်းနဲ့ ဗုံးကြဲတာ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး ဒေါင်းမာန်အဖွဲ့နဲ့ နယ်ကြားအဖွဲ့၊ BGA တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ဘုတလင် ဒေါင်းမာန်အဖွဲ့တာဝန်ရှိသူက “ကျနော်တို့ ဒရုန်းယာဉ် ၃ စီးနဲ့ မိုးကျူရှင်နဲ့မြိုမရဲစခန်းကို ဗုံးသီးချတိုက်ခိုက်ခဲ့တယ်ဗျ။ ဗုံးသီးက ၆ လုံးချ တိုက်ခိုက်ခဲ့တာပါဗျ။ ကျနော်တို့ ဒရုန်းသီးချတိုက်ခိုက်ပြီးတော့ စစ်တပ်ဘက်က အထိနာလို့ထင်တယ်၊ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ပြန်ပစ်တယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိဘဲ ပြန်ဆုတ်ခွာ လာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

ဘုတလင်မြို့နယ်မှာ စစ်ကောင်စီဘက်ကလည်း ဒရုန်းယာဉ်အသုံးပြုပြီး ဇူလိုင် ၁၀ ရက်နေ့က တန်ပြန်ဗုံးကြဲချလို့ ၁ နှစ်သားအရွယ်ကလေးငယ်အပါဝင် ပြည်သူ ၆ ယောက် ထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတထောင်သွားလမ်းမဘေးမှာရှိတဲ့ မုံရွာ နည်ပညာ‌‌ တက္ကသိုလ်အတွင်း အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကို  ဒရုန်းယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ရော့ကက်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မင်းကင်းမြို့နယ် Local တပ်ပေါင်းစု တာဝန်ရှိသူ ဗိုလ်တာနောက အဲဒီတိုက်ခိုက်မှုကြောင့် စစ်သား ၃ ယောက်သေပြီး ၄ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဒရုန်းယာဉ် ၃ စီးအသုံးပြု ဗုံးသီး ၁၉ လုံးချ တိုက်ခိုက်ခဲ့သလို Rocket နဲ့လည်း ပစ်ခတ်ခဲ့ သေးတယ်ဗျ။ Rocket အလုံး အရေအတွက်က ၂၇ နဲ့ ပစ်ခတ်ခဲ့တာ။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ ကျနော်တို့ဘက်က အထိခိုက်‌တော့ မရှိခဲ့ဘူး” လို့ DVB ကို အတည်ပြုပြောပါတယ်။

အခုတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၃ နဲ့ မင်းကင်းမြို့နယ် Lcal တပ်ပေါင်းစုအဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သစ်ညိုပင်ရွာသားတယောက်က “အခုနောက်ပိုင်း စစ်တပ်က သူတို့စခန်းကို ကာကွယ်ရေးတပ်က လာပစ်သွားပြီဆိုရင် ကျနော်တို့ မဆိုင်တဲ့အရပ်သားတွေကို မဲတော့တာပဲ။ ဘယ်လိုမဲတာလဲဆိုတော့ ဆိုင်ကယ်တားပြီးဖမ်းတယ်။ ဖမ်းပြီး ငွေတောင်းတယ်။ အပြောအဆိုမမှားလိုက်နဲ့ မှားတာနဲ့ ရိုက်နှက်ခံရတယ်။ အဲနေ့က ကာကွယ်ရေးတပ်က ပစ်သွားတာဟုတ်တယ်ဗျ။ ကျနော်တို့က ပစ်သွားတာမသိလိုက်ဘူး။ မုံရွာဘက်ကနေ အလုပ်လုပ်ပြီးပြန်လာတာကို လမ်းမပေါ်ကနေတားပြီး စစ်ဆေးခံရသေးတယ်။ အလျှောက်ကောင်းလို့ ဘာမှမလုပ်ဘဲပြန်လွှတ်ပေးလိုက်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်နေ့ကလည်း မုံရွာနမခစစ်တပ်အထိုင်စခန်းကို Rocket ၇ လုံးနဲ့ပစ်ခတ်ခဲ့ပြီး နမခစစ်တပ်အတွင်းက လျှပ်စစ်ဓာတ်အားပေးရုံ ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013