ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စုက တပ်ကော့တဲတိုက်ကို သြဂုတ် ၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေရောက်လာပြီး ဒေသခံ ၂ ယောက်ကို သတ်ဖြတ်သွားသလို လူနေအိမ် ၁၅ လုံး ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
လှည်းကူးကျေးရွာက အမည်မဖော်လိုတဲ့ ဒေသခံရွာသားတယောက်က “တောင်ယာတွေနဲ့ နီးတဲ့နေရာမှာ ရွာနီးချုပ်စပ်က ရွာသားတွေ တဲတွေထိုးပြီးနေကြတာ။ ၄၊ ၅ နှစ်ရှိပြီ။ မကရင် မကဖို့ဘဲ။ အဲဒီ တဲတိုက်ဘက်ကို စစ်ကြောင်းဝင်သွားပြီး တဲတိုက်က ၁၈ အိမ်လောက်ရှိတဲ့အထဲက မီးရှို့သွားကြတာ၊ အကုန်လောက်နီးနီးပဲ။ ၁၅ အိမ်လောက်မီးထဲပါသွားတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ တပ်ကော့တဲတိုက်က လူနေအိမ်တွေကိုမီးရှို့ပြီး ဒေသခံရွာသား ၂ ယောက်ကိုလည်း သတ်ဖြတ်သွားကြတဲ့အတွက် တဲတိုက်မှာနေထိုင်ကြသူ အယောက် ၃၀ ဝန်းကျင်ဟာလည်း နီးစပ်ရာကျေးရွာတွေဆီကို ခြေဦးတည့်ရာထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ဆိုပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “စစ်ကောင်စီစစ်ကြောင်းက လှည်းကူးရွာဘက်ကို မကြာခဏ စစ်ကြောင်းထိုးနေကျဗျ။ အခုလည်း စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ ပြည်သူကိုဒုက္ခပေးသွားကြတာပါ။ မိုးရာသီဖြစ်လို့ အိမ်တွေမီးရှို့ခံရတဲ့ ပြည်သူတွေကတော့ ဒုက္ခရောက်ကြတာပေါ့ဗျာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း စစ်ကောင်စီစစ်ကြောင်းက လှည်းကူးကျေးရွာအုပ်စု၊ ဖလန်ပင်တဲတိုက်က လူနေအိမ်အလုံး ၃၀ ၀န်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။