Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စားအုန်းဆီ ၁ ပိဿာ ကျပ် ၁၉,၅၀၀ အထိမြင့်တက်
DVB
·
August 4, 2024
Photo – MV

ဧရာဝတီတိုင်းမှာ စားအုန်းဆီ ၁ ပိဿာကို ကျပ် ၁၉,၅၀၀ အထိ ပေးဝယ်နေရပြီး လိုသလောက်ဝယ်ယူမရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီနဲ့ မေလတုန်းက စားအုန်း ဆီ ၁ ပိဿာကို ကျပ် ၈,၅၀၀ အထိပဲ အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး ဇွန် ၁၀ ရက်လောက်ကစလို့ လက်ရှိ သြဂုတ် ၄ ရက်အထိ စားအုန်းဆီ ၁ ပိဿာကို ကျပ် ၁၉,၅၀၀ အထိ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဆီမပါဘဲဟင်းချက်စားနေရတာ ခဏခဏဖြစ်နေပြီ။ ဆီဈေးက ကျမယ် မကြံသေးဘူး၊ ပြန်တက်လာတယ်။ အခုလည်း ၁ ပိဿာကို ကျပ် ၁၉,၅၀၀ တဲ့။ ဒီလိုခေတ်ဆိုး ခေတ်ပျက်မှာသူဌေးဖြစ် ချင်နေကြတဲ့သူတွေကလည်း အများသားပဲ။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ၁ ပိဿာဈေး ၁,၈၀၀ အထိ ပြန်မကျရင်နေပါ၊ ကျမတို့လို အခြေခံလူတန်းစားတွေ ဆီလေးဝယ်စားနိုင်တဲ့ဈေးလောက်ဆိုတော်ပါပြီ။ ၂၀ သားကို ၂ ရက်သွားစောင့်ဝယ်ရတယ်။ ၁ ရက် ၅ ကျပ်သား” လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်း၊ မအူပင်၊ ဘိုကလေး၊ ဖျာပုံ၊ ညောင်တုန်း၊ ပန်းတနော်၊ ဟင်္သာတ၊ လပွတ္တာ၊ မြောင်းမြ၊ အိမ်မဲ၊ အင်္ဂပူ၊ ဇလွန် စတဲ့မြို့နယ်တွေမှာ စားအုန်းဆီဈေးတွေတက်ပြီး လိုသလောက်ဝယ်မရ ဖြစ်နေတာပါ။

ဒါ့အပြင် ဧရာဝတီတိုင်းကို ရန်ကုန်တိုင်းကတဆင့် ပြည်ပနိုင်ငံတွေကတင်သွင်းရတဲ့ စားအုန်းဆီတွေကို အကန့်အသတ်နဲ့ပဲ တင်သွင်းနေရတာကြောင့်လည်း ဆီဈေးတက်လာတာလို့ စားအုန်းဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။

စားအုန်းဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “စားအုန်းဆီဈေးနှုန်းတွေ ပြန်တက်လာတာ ဟုတ်တယ်။ မြန်မာငွေတန်ဖိုး ကျဆင်းနေတာ၊ စားအုန်းဆီက ပြည်ပတင်သွင်း ကုန်စည်ဖြစ်တော့ တချို့ကုမ္မဏီတွေက ရပ်လာတာရယ်၊ တချို့ကလည်း တင်သွင်းတဲ့ ကုန်စရိတ်များများလာတော့ ဆီကိုလျှော့သွင်းလာတာတွေကြောင့် ဆီဈေးက အခုလိုမတည်မငြိမ်နဲ့ ဖြစ်နေတာ။ နောက်တချက်က ဆီလက်ကျန် နည်းလာတာ ကြောင့်လည်း ထိုးတက်လာတာ။ ပြည်တွင်းနိုင်ငံရေး မတည်မငြိမ်မှုအကျိုးဆက်ကြောင့် ကန့်သတ်ချက်တွေရှိလို့ ဆီဈေးကထပ်တက်ဖို့ပဲရှိတာ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ သြဂုတ်လပထမပတ်အတွက် စားအုန်းဆီ အခြေခံရည်ညွှန်းဈေးကို ၁ ပိဿာ ၅,၀၀၀ ကျော်အဖြစ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်အတွင်းမှာတော့ ဈေးတွေ အဆမတန်တက်နေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013