Home
မြန်မာသတင်း
ရေကြီးမှုကြောင့် မွန်ပြည်နယ်တွင်  လူ ၃ ဦး သေဆုံး၊ မိုးဗြဲတွင် ပြည်သူ ၃,၅၀၀ ခန့် ရွှေ့ပြောင်း၊ ဧရာဝတီတိုင်း၌ ကွမ်းခြံများပျက်စီး
DVB
·
July 31, 2024
Photo Crd-သူရ

မွန်ပြည်နယ်အတွင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုအတွင်း ရေနစ်တာကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့တယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၀ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မြစ်ရေနဲ့ တောင်ကျချောင်းရေ တက်ကာ ရေကြီးရေလျှံဖြစ်ပြီး ရေးမြို့နယ်က အမျိုးသားတဦး၊ ဘီးလင်းမြို့နယ်က အမျိုးသားတဦးနဲ့ သထုံမြို့နယ်က အမျိုးသားတဦးတို့ ရေနစ်သေဆုံးခဲ့ပါတယ်။

ရေးမြို့နယ်၊ လမိုင်းမြို့၊ ရွာသာရွာကျေးရွာ‌မှာ ဇူလိုင် ၂၈ ရက် မနက် ၉ နာရီလောက်က အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦးက လယ်ထဲသွားတဲ့အချိန် ရေနစ်ပြီး သေဆုံးခဲ့ပါတယ်။

တမြို့နယ်လုံး ရေနစ်မြုပ်နေတဲ့ ဘီးလင်းမြို့မှာလည်း ဇူလိုင် ၂၇ ရက် ညနေ ၃ နာရီ‌က အသက် ၅၀ အရွယ် ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတဦးဟာ ဘီးလင်းမြို့ ကန်သာယာ ၇ ရပ်ကွက်မှာရှိတဲ့ ရှင်ဥပဂုတ္တကန်အနီးမှာ ချော်ကျပြီး ရေနစ်သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက် နေ့လယ် ၁ နာရီကလည်း သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက် ကန်ညီနောင် ၃ လမ်းမှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသားတဦးဟာ လယ်ထဲသွားရင်း ဆားချောင်းထဲမှာ ရေနစ်သေဆုံးခဲ့ပါတယ်။

ဘီလင်းမြို့နယ်ရှိ ပရဟိတသမားတဦးက “ဟိုနေ့က ရေးမှာဖြစ်တဲ့ဟာနဲ့ဆို ဒီရေကြီးမှုမှာ သေတာ ၃ ယောက်ရှိပါပြီ။ ဘီးလင်းမှာဖြစ်တဲ့ဟာက ရေကြီးနေတဲ့အချိန် ချော်ကျပြီးသေတာ။ ကျန်တာက လယ်ထဲသွားရင်းသေတာ။ ရေတွေကလည်း မကျသေးလို့ မပေါ့ကြပါနဲ့၊ ဂရုစိုက်ကြပါ။ ‌ရေကြီးနေတော့ အကောင်တွေ ဘာတွေ ရန်ကိုလည်း ဂရုစိုက်ကြပါ။ နောက်ပြီး တခုခုဆိုလည်း နီးစပ်ရာ ပရဟိတအသင်းတွေကို ဆက်သွယ်ကြပါ” လို့ ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ဘီးလင်း၊ သထုံ၊ ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ လက်ရှိအချိန်ထိ ရေနစ်မြုပ်မှုအန္တရာယ်ကို ခံစားနေရပြီး လူ ၅,၀၀၀ ကျော်လောက် အကူအညီ လိုအပ်နေဆဲ ဖြစ်တယ်လို့ ပရဟိတအသင်းတွေထံကနေ သိရပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ၂၀၂၃ ခုနှစ်ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လသားကလေးငယ် အပါအဝင် ၆ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်မှာ မိုးဗြဲရေကာတာ ရေတံခါး ၃ ပေါက်ကို စစ်ကောင်စီတပ်က ဖွင့်ချလိုက်တဲ့အတွက် ဘီလူးချောင်းတလျှောက်က စစ်ဘေးရှောင် ပြည်သူ ၃,၅၀၀ နီးပါးအထိ ရွှေ့ပြောင်းနေရပြီလို့ စစ်ဘေးရှောင် အကူအညီပေးသူတွေဆီက သိရပါတယ်။

မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်က ဇူလိုင် ၂၅ ရက် မနက်ပိုင်းမှာ မိုးဗြဲရေကာတာ တံခါးကို ဖွင့်ချခဲ့ရာ ဘီလူးချောင်းရေ မြင့်တတ်ခဲ့တဲ့အတွက် ဇူလိုင် ၃၀ ရက် မနက်ပိုင်းအထိ ရွှေ့ပြောင်းရတဲ့ပြည်သူ ၃,၅၀၀ နီးပါးအထိ ရှိလာတာပါ။

ဓာတ်ပုံ-သူရ

ဘီလူးချောင်းတလျှောက်က ဘုရားဖြူကျေးရွာ၊ ဘုရားနီကျေးရွာ၊ လှောင်ကန်စစ်ရှောင်စခန်း၊ လက်ပံကွင်းစစ်ရှောင်စခန်းက ပြည်သူတွေဟာ နမ့်ဖယ်ခုံမြို့နယ်နဲ့ နို့ကို့ဒေသတွေကို ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။

ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူတွေဟာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

IEC အထွေထွေအတွင်းရေးမှူး ကိုဗညားက “ပြည်သူတွေက သူတို့စိတ်ကြိုက်နေရာ သူတို့ရွှေ့ကြပါတယ်။ IEC ကလည်း အရေးပေါ်အတွက် ရေသန့်ဖြန့်ဝေတာတွေ ရှိတယ်၊ ဖယောင်းတိုင်တို့ ဘာတို့ပေါ့။ မိုးဖို့ကာဖို့ မိုးကာတွေနဲ့ ငွေကြေးအနည်းအပါးပေါ့၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးကသူတွေ စီမံခန့်ခွဲရအောင် ထောက်ပံ့ပေးထားပါတယ်” လို့ ပြောပါတယ်။

ရေလွှမ်းမိုးမှုကြောင့် မိုးဗြဲမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်အတွင်းက ဒေသခံနဲ့ စစ်ဘေးရှောင်တွေရဲ့ စပါးစိုက်ဧက ၁,၃၀၀ ကျော်လည်း ရေနစ်မြုပ် ပျက်စီးခဲ့ပါတယ်။

ဧရာဝတီတိုင်းမှာလည်း ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ ကွမ်းခြံဧက သောင်းနဲ့ချီ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ ကွမ်းစိုက်ပျိုးရေး လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ဇူလိုင် ၁၉ ရက်လောက်က စတင်ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဇူလိုင် ၂၉ ရက်အထိ ဒေသခံတွေ စိုက်ပျိုးထားတဲ့ ကွမ်းခြံဧက ၁၅,၀၀၀ ကျော် ရေနစ်မြုပ် ပျက်စီးနေတာလို့ ဆိုပါတယ်။

ဟင်္သာတမြို့နယ်က ကွမ်းစိုက်တောင်သူတယောက်က “ကွမ်းက ရေများလို့ ၂ ရက်လောက် ရေထိရင်တောင် သေတတ်တာ။ အခုက တပတ်ကျော်နေပြီ အကုန်ရေမြုပ်ကုန်တော့ သေတာပေါ့။ ကွမ်းခြံတော်တော်များများ ရေမြုပ်ကုန်တာ။ တယောက်ကို အနည်းဆုံး ၃ ဧကလောက် ရေမြုပ်ပျက်စီးကုန်တာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ရေကြီးရေလျှံတဲ့ဒဏ်ကြောင့် ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ပန်းတနော်၊ ဟင်္သာတ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဝါးခယ်မ၊ ဟိုင်းကြီးကျွန်း၊ သာပေါင်း၊ ကန်ကြီးထောင့်၊ မြန်အောင် စတဲ့ ကွမ်းအဓိကစိုက်ပျိုးတဲ့ ဒေသတွေက ကွမ်းခြံတွေ ပျက်စီးနေတာလို့ ဆိုပါတယ်။0

“ဘာမှလုပ်မရဘူး၊ ငုတ်တုတ်ကို ထိုင်ကြည့်နေရတာ။ ၃ ဧကရှိတဲ့ ကွမ်းခြံ အကုန်ရေမြုပ်ကုန်တာ။ ၅ ရက်ကျော်လာပြီ။ ဒီလောက်ရေမြုပ်ရင် ပြန်မရတော့ဘူးလေ။ တကယ် စိတ်ထဲနေလို့ မကောင်းဘူး နှမျောတယ်” လို့ ဟင်္သာတမြို့နယ်က ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ကွမ်းခြံတွေ ပျက်စီးမှုဒဏ်ကြောင့် ကွမ်းရွက်တပိဿာကို ငွေကျပ် ၂၈,၀၀၀ အထိ ဈေးပေါက်နေပြီး အခုလို ကွမ်းဈေးထိုးတက်လာပေမဲ့လည်း ကွမ်းခြံတွေ ဆုံးရှုံးနေတာကြောင့် ကွမ်းစိုက်ပျိုးရေး လုပ်ကိုင်သူတွေအတွက် အကျိုးမဖြစ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းက ဒေသခံတွေဟာ ကွမ်းရွက်အပြင် ပဲသီးနှံ၊ ငှက်ပျောနဲ့ ငရုတ်သီးနှံကို တောင်သူတယောက်ကို ၁ ဧက ကနေ ၁၀ ဧကအထိ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013