ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ဧရာဝတီမြစ်ရေနဲ့ ငဝန်မြစ်ရေ မြင့်တက် ဝင်ရောက်လာတာကြောင့် အခြေခံပညာကျောင်း ၆ ကျောင်း အရေးပေါ်ပိတ်လိုက်ရတယ်လို့ ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
မြစ်ရေဝင်ရောက်လာတာကြောင့် အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်လို့ အင်္ဂပူမြို့နယ်က အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ၂ ကျောင်း၊ မူလတန်းကျောင်း ၄ ကျောင်း စုစုပေါင်း ၆ ကျောင်းကို မနေ့ ဇူလိုင် ၁၅ ရက်က စတင်ပိတ်လိုက်ရတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရေက တအားဝင်လာတော့ အန္တရာယ်မဖြစ်စေဖို့ ပိတ်တာ ဖြစ်တယ်လို့ သိရတယ်။ မနေ့ကတည်းက ပိတ်တာ။ ကျောင်းပြန်တက်ရမယ့်အကြောင်း အခြေအနေကို အကြောင်းကြားပေးမယ်လို့ ဆရာ၊ ဆရာမတွေက ပြောတယ်။ မပိတ်လို့မရဘူး၊ ရေက ကျောင်းတွေတက်မြုပ်နေပြီ” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ် ပညာရေးဝန်ထမ်းတယောက်က “စာသင်ကျောင်းတွေက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ရေဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြစ်ရေပြန်ကျဆင်းတဲ့အထိ ကျောင်းတွေကို ယာယီပိတ်မှာပါ။ မပိတ်လို့မရပါဘူး၊ ရေက အန္တရာယ်ရှိတဲ့ အခြေအနေပါ” လို့ ပြောပါတယ်။
အဲဒီ ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းတွေကို မြစ်ရေကျဆင်းချိန်မှာ ပြန်လည်ဖွင့်လှစ်ပြီး စာသင်ကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေ စာသင်ချိန် သင်ခန်းစာ နောက်မကျစေဖို့ ကျောင်းပြန်လည်ဖွင့်ချိန်မှာ စာသင်ရက်တွေကို အစားထိုး စနစ်တကျ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်ကလည်း ငါးသိုင်းချောင်းမြို့နယ်မှာ ငဝန်မြစ်ရေ မြင့်တက်ခဲ့လို့ ချောင်းဖြတ်ကူးတဲ့ လယ်ယာလုပ်သားတယောက် ရေစီးနဲ့မျောပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။