ဧရာဝတီတိုင်းထဲက လူ အယောက် ၂၀ ကျော်ကို ညမထွက်ရအမိန့်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့လအတွင်း ဖမ်းဆီးခဲ့သလို ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာလည်း NLD ပါတီဝင် ၂ ဦးရဲ့ ဇနီး ၂ ဦးကိုလည်း စစ်ကောင်စီတပ်က ဇူလိုင် ၁၁ ရက် ညပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း ကျိုက်လတ်၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ မြောင်းမြ၊ လပွတ္တာ၊ ပန်းတနော်၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဝါးခယ်မ၊ ကျုံပျော် စတဲ့ မြို့နယ်တို့မှာ အများဆုံး ဖမ်းဆီးခံခဲ့ရတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“မအူပင်မြို့နယ်က ကောင်မလေး ၂ ယောက်အထိ အဖမ်းခံရတာ။ အလုပ်ကနေ အပြန်လမ်းမှာ စစ်ကောင်စီတပ် ကင်းလှည့်လာတာနဲ့တိုးပြီး ဖမ်းတာ။ အလုပ်က ပြန်လာတာကို ညမထွက်ရ အမိန့် ချိုးဖောက်တယ်ဆိုပြီး ဖမ်းခဲ့တာ။ တလအတွင်းဆိုရင်တော့ အဖမ်းခံရသူ ၂၀ ကျော်မယ်။”
ဧရာဝတီတိုင်းထဲမှာ ညမထွက်ရအမိန့် ချိုးဖောက်တယ်လို့ စွပ်စွဲပြီး အမျိုးသား ၁၈ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး စက်ရုံတွေ၊ အလုပ်ရုံတွေနဲ့ လယ်ယာလုပ်ငန်းခွင်ကနေ ပြန်လာတဲ့ အလုပ်သမားအများစု အဖမ်းခံရတာလို့ ဆိုပါတယ်။
ဖမ်းခံရသူနဲ့ နီးစပ်သူတယောက်က “အလုပ်သမားလား၊ ဝန်ထမ်းလားဆိုတာ မသိဘဲ စစ်ကောင်စီ တပ်သားတွေက မူးမူးရူးရူးနဲ့ ရမ်းဖမ်းခဲ့တာ။ အခုဖမ်းခံရတဲ့ ကလေးတွေက လုပ်ငန်းခွင်ကနေ ပြန်လာရင်း ညနက် အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ အဖမ်းခံရတာ။ စားဖို့ နေဖို့ ကျပ်တည်းချိန် အလုပ်တောင်ကောင်းကောင်း မလုပ်ရဲ ဖြစ်နေတာ။ သူတို့က နေ့တိုင်း ကင်းလှည့်စစ်ဆေးနေတာ။ ကင်းလှည့်လာတာနဲ့တိုးရင် ခွင်ပဲလေ” လို့ ပြောပါတယ်။
ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး အဖမ်းခံရတဲ့သူတွေထဲမှာ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်း အရွယ်တွေ အများစုဖြစ်ပြီး စစ်ကောင်စီတပ်က အဖမ်းခံရသူတွေကို ငွေတောင်းပြီး ပြန်လွှတ်ပေးဖို့ ညှိနှိုင်းတာတွေ လုပ်နေတယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတွေက ဆိုပါတယ်။
စက်ရုံအလုပ်သမားတွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေ၊ လယ်သမားတွေ၊ စပါးအရောင်းအဝယ် လုပ်နေသူတွေနဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးထားတာဖြစ်ပြီး လတ်တလောမှာတော့ သူတို့ကို ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်မထားသေးဘူးလို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချု့ပ် (NLD) ပါတီဝင်တွေရဲ့ အမျိုးသမီးတွေကို စစ်ကောင်စီတပ်က ဇူလိုင် ၁၁ ရက် ညပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မန်ရွက်ကျေးရွာ NLD ရပ်ကျေး ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးကျော်အုန်းရဲ့ ဇနီးနဲ့ NLD ပါတီဝင် ဦးမျိုးမင်းသိမ်းရဲ့ ဇနီးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
ဒေသခံတယောက်က “ညဘက် ၁၀ နာရီလောက်ကြီး ဖမ်းသွားတာ။ ရဲတွေရော စစ်တပ်တွေရော ရောက်လာပြီး ဖမ်းသွားတယ်။ NLD ရပ်ကျေးဥက္ကဋ္ဌရဲ့ ဇနီးရယ်၊ NLD ပါတီဝင်တဦးရဲ့ ဇနီးရယ်ကို ဖမ်းသွားတယ်” လို့ ပြောပါတယ်။
မန်ရွက်ကျေးရွာ NLD ရပ်ကျေး ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးကျော်အုန်းကို ၂၀၂၁ ခုနှစ်၊ ဇွန် ၅ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
NLD ပါတီဝင် ဦးမျိုးမင်းသိမ်းကတော့ အခုအချိန်အထိ တိမ်းရှောင်နေရပြီး သူတို့ရဲ့ ဇနီးတွေကို ဘာကြောင့်ဖမ်းဆီးပြီး ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာတော့ မသိရသေးပါဘူး။
မိုးကောင်းမြို့နယ်မှာ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ရဲ့ နမ္မတီးမြို့က နေအိမ် ၂ လုံးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။