Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရေကြီးမှုကြောင့် ကျောင်း ၂၀၀ ခန့်ပိတ်ထားရ၊ တနင်္သာရီဒေသခံ ၁ ဦး ရေနစ် သေဆုံး
DVB
·
July 31, 2024
Photo Crd- KK
Photo Crd- KK

ဧရာဝတီတိုင်း၊ မြို့နယ် ၄ ခုမှာ မြစ်ရေမြင့်တက် ဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း ၂၀၀ နီးပါး ပိတ်လိုက်ရတယ်လို့ ပညာရေးမှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီ၊ ဒါးက၊ တိုးနဲ့ ငဝန်မြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ထဲက ၉၇ ကျောင်း၊ ကျောင်းကုန်းမြို့နယ်က ၄၇ ကျောင်း၊ ပုသိမ်မြို့နယ်က ၁၃ ကျောင်း၊ မအူပင်မြို့နယ်က ၂၆ ကျောင်း စုစုပေါင်း စာသင်ကျောင်း ၁၈၃ ကျောင်းကို ဇူလိုင် ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ စတင်ပိတ်ထားရတယ်လို့ သိရပါတယ်။

ပညာရေးမှူးရုံးနဲ့ နီးစပ်သူက “မြစ်ရေက ချက်ချင်းဆိုသလို အရှိန်ကောင်းကောင်းနဲ့ တက်လာတော့ ကျောင်းတွေထဲ ရေတွေဝင်ပြီး မြုပ်ကုန်တာ။ သင်ကြားရေးလုပ်ငန်းတွေ ဘယ်လိုမှ ဆက်လုပ်လို့မရတဲ့ အခြေအနေမို့ တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်နဲ့ ပိတ်တာ” လို့ ပြောပါတယ်။

အဲဒီ ပိတ်လိုက်ရတဲ့ စာသင်ကျောင်း ၂၀၀ နီးပါးမှာ မူလတန်းကျောင်း ၁၂၆ ကျောင်း၊ မူလွန် ၂၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၈ ကျောင်း၊ အလယ်တန်း ၆ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၉ ကျောင်း၊ အထက်တန်းကျောင်း ၈ ကျောင်း၊ မူလတန်းကျောင်းခွဲ ၁ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း ၂ ကျောင်း ဖြစ်တယ်လို့ သိရပါတယ်။

ပန်းတနော်မြို့နယ‌်‌ေဒသခံ ကျောင်းသားမိဘတယောက်က “တကယ်တော့လေ ကျောင်းတွေကို ရေတက်နေတဲ့အချိန် ပိတ်ထားတော့ အန္တရာယ်ကင်းတယ်။ မပိတ်ရင် ကလေးတွေအတွက် စိတ်ပူရမှာ။ ရေတွေက ဒီနေ့ ၃၁ ရက်အထိ တဟုန်ထိုးကို တက်နေတာ” လို့ ပြောပါတယ်။

အဲဒီစာသင်ကျောင်းတွေ ပိတ်ထားမယ့်ရက်အတွင်း ကလေးတွေအတွက် သင်ခန်းစာတွေ နောက်မကျစေဖို့ အပတ်စဉ် တနင်္ဂနွေနေ့တွေမှာ အစားထိုး ပြန်လည်ဖွင့်လှစ် သင်ကြားသွားမယ်လို့ သိရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင် ၃၁ ရက် မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သြဂုတ် ၁ ရက် ညနေပိုင်းအထိ စစ်ကိုင်းတိုင်း အောက်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရခိုင်ပြည်နယ်မှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက် ၂ ရက်အတွက် ခန့်မှန်းချက်မှာလည်း နေပြည်တော်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုနေမယ်လို့ ဆိုပါတယ်။

မြစ်ရေကြီးလာပြီး စိုးရိမ်မှုအခြေအနေ ကြုံနေရတဲ့ တနင်္သာရီမြို့နယ်မှာ ဝါးခုတ်ဖို့သွားတဲ့ ပြည်အေးရွာက အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ ရွာသားတွေဆီက သိရပါတယ်။

ဇူလိုင် ၂၉ ရက် ညနေ ၃ နာရီလောက်က အသက် ၃၀ အရွယ်ရှိ ပြည်အေးရွာမှာနေထိုင်တဲ့ ကိုဇော်ထွေး ဆိုသူမှာ ဝါးခုတ်ဖို့ ဖောင်တစီးနဲ့ ထွက်ခွာသွားပြီးနောက် မိသားစုဝင်တွေဆီကို ပြန်ရောက်မလာဘဲ ဖောင်ရော လူပါ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကိုဇော်ထွေးဟာ ငယ်စဥ်တည်းက အတက်ရောဂါရှိသူတဦးဖြစ်ပြီး အဆိုပါနေ့က သူတယောက်တည်း ဝါးခုတ်ဖို့ ထွက်သွားခဲ့ပြီးနောက် ပြန်ရောက်မလာတဲ့အတွက် မိသားစုဝင်တွေက လိုက်လံရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ရကြောင်း မိသားစုဝင်နဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

“သူ့မှာ အတက်ရောဂါရှိတယ်၊ ဝါးခုတ်ပြီး အပြန်မှာ ပျောက်တာပါ။ နောက်တနေ့ မနက် ၈ နာရီခွဲဝန်းကျင်လောက်မှာ ဖောင်ရော ရုပ်အလောင်းပါ ပြည်အေးရွာထဲမှာ မျောလာတာ။”

ရုပ်အလောင်း ပြန်ရှာတွေ့တဲ့နေ့မှာပဲ ပြည်အေးရွာမှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပြီး ကိုဇော်ထွေးဟာ အတက်ရောဂါကြောင့် ရေထဲပြုတ်ကျသေဆုံးတာ ဖြစ်နိုင်တယ်လို့ ဒေသခံ‌ေတွက ယူဆပြောဆိုနေကြပေမဲ့ သေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ အတိအကျ မသိရသေးဘူးလို့ ရွာသားတဦးက ဆိုပါတယ်။

တနင်္သာရီမြို့နယ်အတွင်း မြစ်ရေတွေက စိုးရိမ်အမှတ်ကျော်လွန်ပြီး မြင့်တက်လာတာက ဒေသခံပြည်သူတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေပြီး အရေးပေါ် ရွှေ့ပြောင်းနေထိုင်ကြဖို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တချို့က လုပ်ဆောင်ပေးနေတာ ရှိတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013