တိုင်ဖွန်းမုန်တိုင်း ဂေမီကြောင့် တရုတ်နိုင်ငံ နေရာအနှံ့ အရေးပေါ်အဆင့် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်နေရပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ ကြာသပတေးနေ့နှောင်းပိုင်းမှာ တရုတ်နိုင်ငံအရှေ့ပိုင်း ဖှုကျန်းပြည်နယ် ပူထျံမြို့မှာ ဒုတိယမြောက် ကုန်းတွင်းဝင်ရောက်ပြီး မြောက်ဘက်ကို ဆက်ရွေ့နေတယ်လို့ ပြည်နယ် မိုးလေဝသဗျူရိုက ပြောပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်က မြို့နယ် ၁၉၀ ကျော်လည်း သောကြာနေ့ အစောပိုင်းကစပြီး မုန်တိုင်းဒဏ် ခံခဲ့ရတာပါ။
တချို့နေရာတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၄၀၀ မီလီမီတာကို ကျော်တဲ့အထိ မိုးရွာခဲ့ပါတယ်။ မိုးသက်မုန်တိုင်းတွေ၊ တောင်ကျချောင်းတွေနဲ့ ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်တွေအတွက် ပြည်နယ်အတွင်း ကြိုတင်သတိပေးချက်နဲ့ တုံ့ပြန်ရေး ယန္တရားတွေကို စလုပ်နေရပါပြီ။
စနေနေ့အထိ ကွမ်တုံပြည်နယ်မှာ လူပေါင်း ၁၂၀,၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့တာပါ။
တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်မှာ ပြည်နယ်မိုးလေဝသဗျူရိုက စနေနေ့ နှောင်းပိုင်းမှာ မိုးသက်မုန်တိုင်းအတွက် အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရဲ့ ၄ အဆင့် မိုးလေဝသ သတိပေးချက်စနစ်မှာ အမြင့်ဆုံးသတိပေးချက် ဖြစ်ပါတယ်။
စနေနေ့ မနက် ၁၁ နာရီမှာ မုန်တိုင်းဗဟိုက တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ်၊ ကျူးကျန်းမြို့ပေါ်ကို ရောက်လာပါတယ်။
မြစ်အောက်ပိုင်းက ရေလွှမ်းမိုးမှုထိန်းချုပ်ရေး ကြိုးပမ်းချက်အပေါ် ဖိအားတွေလျှော့ချဖို့ ဒေသန္တရ ရေထိန်းသိမ်းမှု အာဏာပိုင်တွေက မြစ်ကြီးတွေရဲ့ ရေလှောင်ကန်ကြီးတွေကနေ ရေတွေ ကြိုဖောက်ချထားဖို့ ညွှန်ကြားထားပါတယ်။
သောကြာနေ့မှာ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနတို့က သဘာဝဘေးကယ်ဆယ်ရေး ရန်ပုံငွေအတွက် ယွမ် ၄၇၅ သန်း (အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၅ သန်းခန့်) ပံ့ပိုးကူညီဖို့ ထုတ်ပေးခဲ့ပါတယ်။
Source-Reuters