ရှမ်းမြောက်လက်နက်ကိုင်အဖွဲ့တွေက တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လို ချဉ်းကပ် ဆောင်ရွက်ရမယ်ဆိုတာ နားလည်ထားပြီး ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၂၈ ရက်က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။
လက်ရှိ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေ၊ မြန်မာ့အရေးမှာ တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်လိုတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်ရှိနေကြတဲ့အပေါ် ဒေါက်တာ မီမီဝင်းဘတ်က သုံးသပ်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပထမပိုင်းထက်ပိုပြီးကောင်းမွန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေ ပေါင်းစပ်နိုင်မှုကြောင့် အောင်မြင်မှုတွေ အရှိန်မြင့်လာဖို့ပဲ ရှိတယ်လို့လည်း ဒေါက်တာမီမီဝင်းဘတ်က ပြောပါတယ်။
ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန၊ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်ဟာ အမေရိကန်ပြည်ထောင်စု အပါအဝင် ပြည်ပရောက်မြန်မာတွေရှိနေတဲ့ နိုင်ငံတွေကို သွားရောက်ပြီး လူထုတွေ့ဆုံပွဲတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
မြန်မာပြည်တွင်း စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အတွက် ပြည်ပကနေထောက်ပို့အား ပိုကောင်းလာဖို့နဲ့ ညီညွတ်မှုပိုရဖို့ စည်းရုံးရေးခရီးတွေ ဆက်တိုက်သွားရောက်ပြီး မြန်မာ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဖြေကြားနေတာလည်း ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာကတည်းက ပြည်သူတွေ စိတ်ဝင်စားတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့်နဲ့ နောက်ဆက်တွဲအခြေအနေ အလားအလာ၊ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးချိန်ခွင်မှာ တရုတ်နိုင်ငံရဲ့ပါဝင်လာမှု၊ ပြည်တွင်းက စစ်ဘေးသင့်ပြည်သူတွေဆီကို နိုင်ငံတကာအကူအညီတွေ ရောက်နိုင်ဖို့ နည်းလမ်းတွေကို ဒေါက်တာမီမီဝင်းဘတ်က ရှင်းလင်းဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ ပါတယ်။
တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးမှာပါဝင်လာမှုကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တုံ့ပြန်စီမံနိုင်ပြီး စစ်အာဏာရှင်ပြုတ်ကျရေး ရည်မှန်းချက်ကို ဆက်အကောင်အထည်ဖော်လိမ့်မယ်လို့ ဒေါက်တာမီမီဝင်းဘတ်က မတ် ၂၃ ရက်၊ နယူးယောက်မြို့ လူထုတွေ့ဆုံပွဲမှာလည်း သုံးသပ်ပြောဆိုခဲ့ပါတယ်။