Home
မြန်မာသတင်း
ဒဂုံမြို့သစ်တွင်ရေကြီး၊ တက္ကသိုလ်ရိပ်မွန်ဥယျာဉ်အိမ်ရာ၌ နေထိုင်သူများ ပြောင်းရွှေ့ 
DVB
·
July 30, 2024

ဒဂုံတက္ကသိုလ်အနီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ထဲက တက္ကသိုလ်ရိပ်မွန်ဥယျာဉ်အိမ်ရာအတွင်း ရေတွေတက်လာလို့ အိမ်ရာကနေ ပြောင်းရွှေ့ရသူတွေရှိလာပြီး နှစ် ၃၀ အတွင်း ရေအများဆုံး တက်လာတာဖြစ်တယ်လို့  အိမ်ရာမှာ နေထိုင်သူတွေက ပြောပါတယ်။ 

တက္ကသိုလ်ရိပ်မွန်ဥယျာဉ်အိမ်ရာထဲကို  ဇူလိုင် ၂၇ ရက် ကတည်းက ငမိုးရိပ်ချောင်းက တဆင့်တက်လာတဲ့ရေတွေ ဝင်ရောက်ခဲ့တာကြောင့် အိမ်ရာအောက်ထပ်တွေ ရေဝင်နစ်မြှုပ်လာပြီး ညတွင်းချင်း ပြောင်းရွှေ့ရတဲ့သူတွေရှိနေတယ်လို့ အိမ်ရာမှာနေထိုင်သူ အမျိုးသမီးတဦးက ပြောပါတယ်။

“တဖွဲဖွဲနဲ့ပြောင်း နေရတာ။ တဖြည်းဖြည်းနဲ့ရေက မြင့်လာတော့လေ။ တညလုံး၊ တညလုံးပြောင်းနေကြတာ။ အခု ဒီမနက်ထိကို ပြောင်းနေကြတဲ့လူတွေရှိတယ်။ ဟိုဘက် အခြမ်းတွေက ပိုနိမ့်တော့လေ ဒုက္ခရောက်တယ်။ ကလေးလေးတွေနဲ့၊ အထုပ် အပိုးတွေနဲ့ အကုန်လုံးပေါ့နော်။ ဒုက္ခရောက်ကြတယ်။”

ရေတွေတက်လာတဲ့အတွက် ရိပ်မွန်အတွင်းက သရဖီလမ်းဘက်မှာ ၂ ပေကျော် ရေတွေနစ်မြုပ်နေပြီး ရေကန်တွေထဲ ရေဝင်လာပြီဖြစ်လို့ သုံးရေအခက်အခဲရှိလာတဲ့အပြင် မိလ္လာကန်တွေပါ ရေနစ်မြုပ်ကုန်တဲ့အတွက် အသုံးပြုလို့မရဘဲ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတည်းက နေအိမ်ထဲထိရောက်လာတဲ့ ရေတွေက ပြန်ကျမလာသေးပဲ သောက်သုံးကန်တွေ ရေနစ်မြုပ်လာတဲ့အပြင် ရေမော်တာတွေလည်း ပျက်စီးလာပါတယ်။

ဒါကြောင့် သောက်သုံးရေနဲ့ စားစရာ အခက်အခဲတွေလည်း ရှိလာပြီဖြစ်တယ်လို့ အိမ်ရာမှာနေထိုင်သူ တဦးက ပြောပါတယ်။

“ဒီဝင်းထဲမှာ ကလေးတွေလည်း တရပ်လောက်မြုပ်တယ်။ မကြီးတို့က အလယ် လောက်မှာ နေရတာလေ။ အိမ်ထဲမှာ နှစ်ထစ်လောက်မြုပ်နေတယ်။ ရေဆိုလည်း ရေစက်တွေလည်းသုံးစရာမရှိ တော့ဘူး။ အဆင်မပြေဘူး။ ဖြတ်လိုက်ရပြီ။ ရေစက်တွေလည်းဖြုတ်ပြီး အပေါ်ကို တင်ထားရတယ်။”

တက္ကသိုလ်ရိပ်မွန်အပြင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ထဲက စာသင်ကျောင်းတွေမှာလည်း ရေတွေဝင် ရောက်နေတဲ့အတွက် အတန်းငယ်ကလေးတွေကို ကျောင်းပိတ်ထားပါတယ်။

ငမိုးရိပ်ချောင်းရဲ့အထက်ဘက်ဒေသတွေမှာ မိုးများမယ့်အခြေအနေတွေအပြင် ဩဂုတ် ၃ ရက်ကနေ ၇ ရက် အထိ ရန်ကုန်မြစ်ဝမှာ ဒီရေတက်လာမယ့်ရက်တွေနဲ့ တိုက်ဆိုင်နေလို့ လူနေအိမ်တွေထိ ဝင်ရောက်လာတဲ့ ငမိုးရိပ်ရေဟာ အဲ့ဒီရက်တွေအထိ ရှိနေနိုင်တယ်လို့ အရပ်ဘက် မိုးလေဝသပညာရှင်တဦးက ခန့်မှန်းထားပါတယ်။

ငမိုးရိပ်ချောင်းအပြင် ရန်ကုန်တိုင်းအတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ လှိုင်မြစ်ရေလည်းတက်လာလို့ ရွှေပြည်သာ၊ မှော်ဘီ၊ တိုက်ကြီး၊ အဖျောက်မြို့နယ်တွေမှာ ရေတွေဝင်ရောက်လို့ ပိတ်မိနေတဲ့လူတွေကိုကယ်ဆယ်ရေးတွေ ဆောင်ရွက်နေရတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013