Home
မြန်မာသတင်း
ရေး၊ သံဖြူဇရပ်နှင့် ချောင်းဆုံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး
DVB
·
July 26, 2024
Photo Crd-လူမှုကယ်ဆယ်ရေးအသင်းများ
Photo Crd-လူမှုကယ်ဆယ်ရေးအသင်းများ
Photo Crd-လူမှုကယ်ဆယ်ရေးအသင်းများ
Photo Crd-လူမှုကယ်ဆယ်ရေးအသင်းများ
Photo Crd-လူမှုကယ်ဆယ်ရေးအသင်းများ

မွန်ပြည်နယ်အတွင်းရှိ ရေး၊ သံဖြူဇရပ်နဲ့ ချောင်းဆုံတို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အနိမ့်ပိုင်းနေရာတွေမှာ ရေကြီး‌ ရေလျှံ ဖြစ်နေပြီး ဒေသခံတွေ ရွှေ့ပြောင်းရတာတွေ ရှိနေတယ်လို့ ပရဟိတသမားတွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။

ရေး၊ သံဖြူဇရပ်နဲ့ ချောင်းဆုံတို့မှာ ဇူလိုင် ၂၃ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာပြီး အနိမ့်ပိုင်းနေရာမှာရှိတဲ့ နေအိမ်တွေကို ရေဝင်ရောက်မှုတွေရှိသလို ကားလမ်းရေကျော်မှုတွေလည်း ဖြစ်ပွားနေပါတယ်။

သံဖြူဇရပ်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး သံဖြူဇရပ်-‌မော်လမြိုင်ကားလမ်း ရေကျော်နေသလို အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ စက်သစ်ရပ်ကွက်နဲ့ ဆည်မြောင်းပိုင်းတို့မှာ ရေဝင်ရောက်မှုတွေ ရှိနေပြီး ပြည်သူတွေအနေနဲ့ သတိ‌နဲ့နေထိုင်ကြဖို့ လူမူကူညီရေး အသင်းတွေက တိုက်တွန်းထားပါတယ်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ လူမှုကူညီရေးအဖွဲ့ဝင်တဦးက “မော်လမြိုင်-သံဖြူဇရပ် လမ်းပိုင်းက နှစ်တိုင်း ရေကျော်နေကြဆိုတော့ ခုလည်း မိုးကောင်းပြီး ရေကျော်သွားတာ။ ကားတွေ၊ ဆိုင်ကယ်တွေ ဖြတ်သန်းလို့ရသေးတယ် ဆိုပေမဲ့ တခုခုဆို မေးမြန်းပြီးမှ သွားသင့်တယ်။ သံဖြူဇရပ် အနိမ့်ပိုင်းရပ်ကွက်တွေလည်း အခု ရေတွေ စဝင်ရောက်နေပြီ ဆိုတော့ ပြည်သူတွေအနေနဲ့ သတိနဲ့ နေထိုင်သင့်တယ်။ ပြီးတော့ အကူအညီလိုတာနဲ့ သက်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့တွေကို ဆက်သွယ်ပါ” လို့ ပြောပါတယ်။

သံဖြူဇရပ်မြို့နယ် ပငနဲ့ ကရုပ္ပိကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာလည်း ရေ ၂ ပေခွဲကျော် မြင့်တက်နေတာကြောင့် ဇူလိုင် ၂၅ ရက်ကစပြီး ကားသေးနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ရေးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်တွေမှာလည်း ဇူလိုင် ၂၅ ရက်ကစပြီး ရေဝင်ရောက်မှု ရှိနေသလို ကျောင်းရွာကျေးရွာမှာလည်း ရေ ၁၀ ပေခန့် တက်တာကြောင့် နေအိမ်နစ်မြုပ်နေတာကြောင့် ဒေသခံအများအပြားကို ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေး-မော်လမြိုင် ပြည်ထောင်စုလမ်းပိုင်းထဲက ၄ နေရာလောက်မှာလည်း ရေကျော်နေတာကြောင့် သွားလာရ ခက်ခဲနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ချောင်းဆုံမြို့နယ်မှာ ဇူလိုင် ၂၄ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အနိမ့်ပိုင်း ကျေးရွာတွေမှာ ရေဝင်ရောက်မှုရှိနေပြီး မိုးဆက်လက်ရွာသွန်းတဲ့အတွက် ရေဆက်လက်တိုးလာနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခုတော့ နိမ့်တဲ့နေရာတွေတော့ ရေစဝင်နေသလို လမ်းတွေပေါ်မှာလည်း ရေပြည့်နေတာပဲ။ မိုးကလည်း တချက်မတိတ်ဘူး။ ရေစဝင်တာ ၂၄ ရက်နေ့မှဆိုပေမဲ့ မိုးရွာတာက တပတ်လောက်ရှိပြီ။ မိုးက မတိတ်သေးသလို တိတ်ဖို့လည်း အလားအလာ မမြင်သေးဘူး။ အခု အထုပ်အပိုးတွေပါ ပြင်ထားပြီးပြီ။”

မွန်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်က ရေကြီးမှုကြောင့် လူ ၆ ဦးသေဆုံးပြီး ‌၃၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့တဲ့အပြင် လယ်ဧက ၁ သိန်းလောက် ရေမြုပ်‌ခဲ့ပြီး ဧက ၃၀,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013