Home
မြန်မာသတင်း
တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးများပြီးရေကြီးနိုင်သဖြင့် ကြိုတင်ပြင်ဆင်ရန် မိုးလေဝသပညာရှင် သတိပေး
DVB
·
July 25, 2024

အနောက်ဘင်္ဂလားပင်လယ်အော်မှာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ဇူလိုင် ၂၆ နဲ့ ၂၇ ရက်မှာ တောင်တရုတ်ပင်လယ် တရုတ်ပြည်မဘက် (တိုင်ပေမြောက်ဘက်) ကို ဦးတည်နေတဲ့ တိုင်ဖွန်းမုန်တိုင်း Gaemi ကြောင့် မြန်မာနိုင်ငံမှာ ဇူလိုင် နောက်ဆုံးပတ်နဲ့ ဩဂုတ် ပထမပတ်အထိ မိုးများနိုင်မယ်လို့ သိရပါတယ်။

မိုးရာသီရှည်လျားပြီး ရေကြီးရေလျှံမှုတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးပါတယ်။

“အနောက်ဘက်ကဝင်လာမယ့် အနောက်တောင်မုတ်သုံလေက ပါလာတဲ့ မိုးတိမ်တွေ အရှေ့ဘက်က အရှေ့လေပွေလှိုင်းတွေနဲ့ မုန်တိုင်းအရှိန်ကြောင့် တောင်တရုတ်ပင်လယ်ထဲက တိမ်တွေကြောင့် ဒါတွေပေါင်းပြီးတော့ မြန်မာပြည်ထဲမှာ မိုးက များနိုင်ခြေရှိတယ်။ ဩဂုတ်ကနေ ဆက်ပြီးတော့ အလယ်ပိုင်းဒေသတွေမှာလည်း မိုးပြန်ကောင်းလာမယ်။ တောင်ပိုင်းဒေသတွေမှာ မိုးက နည်းနည်းပြန်လျော့သွားနိုင်တယ်။ ဆက်တော့ စောင့်ကြည့်ရမယ်။ ဩဂုတ်ပြီးသွားရင် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာကနေ ဒီဇင်ဘာလအထိကို ပုံမှန်ရွာသွန်းမြဲထက် ရွာနေနိုင်ဦးမယ်ဆိုတဲ့ဟာမျိုးကိုလည်း ကျနော်တို့ တွေ့နေပါတယ်။ ဒီအခြေအနေတွေအရ ဒုတိယနဲ့ တတိယ ရေကြီးကာလတွေ ဖြစ်လာနိုင်တယ်။ အဲဒီကာလတွေကို သတိထားပြီး စောင့်ကြည့်ရမယ်၊ ကြိုတင်ပြင်ရမယ်။ အခု ရေကျသွားတဲ့ဒေသတွေမှာ အားနည်းတဲ့ တမံတွေ အားပျော့တဲ့ ရေကာတာတွေကို ပြုပြင်တာတွေလုပ်ပြီး စောင့်ကြည့်ရမယ်။”

ဒါ့အပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ နုန်းတင်မြေနုတွေကြောင့် မြစ်ရေကျဆင်းမှုက နှေးကွေးနေပြီး ရေတင်နေမှု အနေအထားက ဆက်ရှိနေဦးမယ်လို့ သိရပါတယ်။

ဒုတိယရေကြီးကာလနဲ့ မဆက်မှသာ ရေကျနိုင်မှာဖြစ်ပြီး မြန်မာပြည်အောက်ပိုင်းက ဒေသတွေ ရန်ကုန်အပါအဝင် ပဲခူး စတဲ့နေရာတွေလည်း ရေကြီးရေလျှံမှုတွေ ကြုံနိုင်တယ်လို့ ဆက်ပြောပါတယ်။

“ရေကျတဲ့အနေအထားသည် နှေးနေဦးမယ်။ အနိမ့်ပိုင်းဒေသကလူတွေ အနေနဲ့ကတော့ ဆက်ပြီး သတိထားရဦးမယ်။ ကယ်ဆယ်ရေးတွေ အစားသောက်ဝေငှတာတွေလည်း တတ်နိုင်သလောက် လုပ်ကြရမယ်၊ လုပ်လည်း လုပ်နေကြတယ်။ ဧရာဝတီတိုင်းမှာဆို မြောက်ဖျား ဟင်္သတအနောက်ဘက်က အင်္ဂပူတို့ ဒေသတွေမှာပါ အကုန်လုံး ရေပြင်ဖြစ်နေတာပေါ့။ လှိုင်မြစ်က ဆက်ပြီး ဆင်းလာဦးမယ်ဆို ရန်ကုန်မြစ်ထဲလည်း ရေထိုးလာတယ်။ ပဲခူးမြစ်ကလည်း ရေဆင်းမယ်၊ ဒါဆို ရန်ကုန်ဆိပ်ကမ်းနဲ့ နီးတဲ့သူတွေ ပုဇွန်တောင်ချောင်းဘေး နေတဲ့သူတွေ အနိမ့်ပိုင်းနေရာကသူတွေ သတိထားရမယ့် အခြေအနေက ဆက်ပြီးဖြစ်နေဦးမယ်။”

မြန်မာနိုင်ငံမှာ အေးမြစိုစွတ်တဲ့ အစွန်းရောက်ရာသီဥတု (လာနီညာ) ဖြစ်စဉ်မျိုး နှစ်ကုန်ပိုင်းမှာ ဖြစ်လာနိုင်ခြေရှိတဲ့အတွက် မိုးရာသီအကုန်ကာလတွေမှာ မိုးများနေပြီး တကျော့ပြန် မိုးရွာသွန်းတာတွေ ရေကြီး ရေလျှံတာတွေလည်း သတိထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဇူလိုင် ၂၅ ရက် မနက်မှာတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေပြီး ရွာရန်ရာနှုန်းပြည့်နဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာတာ၊ နေရာကွက် မိုးကြီးတာတွေလည်း ဖြစ်နိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းအလွန်ကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း သတိပေး ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013