Home
မြန်မာသတင်း
လာမည့်သီတင်း ၂ ပတ်အတွင်း မိုးများပြီး ရေကြီးရေလျှံနိုင် 
DVB
·
July 9, 2024

မြန်မာနိုင်ငံအတွင်းက မြစ်ချောင်းတွေရဲ့ မြစ်ရေတွေ မြင့်တက်နေပြီး စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနေဦးမယ့် မြို့တွေကို မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတိပေး ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် လာမယ့် ဇူလိုင် ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာလည်း လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်း အဖြစ် ပြောင်းလဲနိုင်ခြေတွေရှိနေတဲ့အတွက် လာမယ့် သီတင်း ၂ ပတ်တာကာလအတွင်းမှာ မိုးများနိုင်ပြီး ရေကြီးရေလျှံလာနိုင်တယ်လို့  မိုးလေဝသပညာရှင်ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

“ဘင်္ဂလားပင်လယ်အော်ဘက်မှာရော တောင်တရုတ်ပင်လယ်ဘက်မှာရော လေဖိအားနည်းရပ်ဝန်းဖြစ်မယ်။ မုန်တိုင်းငယ် မုန်တိုင်းအဆင့်ထိ တောင်တရုတ် ပင်လယ်ဘက်မှာ ခြိမ်းခြောက်နိုင်တယ်။ ကြိုတင်ခန့်မှန်းချက်သည် ဇူလိုင် ၁၄ ရက် ၁၅ ရက်က ကျနော်တို့ ဒီနေ့နဲ့ဆို ဘယ်လောက်မှ မဝေးတော့ဘူး။ တပတ်အတွင်း မုန်တိုင်းဖြစ်လာနိုင်တယ်။ လက်ရှိလည်း နိုင်ငံမှာ မြစ်ရေတွေ တက်နေတယ်။ အထက်ပိုင်းတွေမှာ မိုးကများတဲ့နေရာ များနေတုန်းပဲ။ မြစ်ကြီးနားတို့ဆိုလည်း မိုးဆက်ပြီး ရွာနေတုန်းပဲ။ ဒီအခြေအနေတွေရှိ နေတဲ့အတွက် နောက်လာမယ့် တပတ် နှစ်ပတ်ဆိုတဲ့အနေအထားက ရာသီဥတုနဲ့ မိုးလေဝသအခြေအနေကို ဆက်ပြီး သတိထားပြီးတော့  အမြဲစောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မိုးရာသီအခြေအနေနဲ့ မတူပါဘူးခင်ဗျ။”

မုန်တိုင်းဟာ မြန်မာနိုင်ငံကို ဦးတည်နေတာမျိုးမဟုတ်ပေမဲ့ မုန်တိုင်းအကြွင်းအကျန်နဲ့ မိုးတိမ် မြူခိုးတွေကြောင့် မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ မိုးကြီးနိုင်တယ်လို့လည်း သိရပါတယ်။

တချို့မြို့တွေမှာတော့ မြစ်ရေက ပြန်ကျတာမျိုးရှိပေမဲ့ စိုးရိမ်ရေမှတ်အထက်မှာ ရှိနေဆဲဖြစ်ပြီး မြန်မာပြည်အထက်ပိုင်းဒေသတွေ ရေကြီးခဲ့ပြီးနောက် အောက်ပိုင်းဒေသတွေကို ဂရုစိုက်ကြဖို့ကိုလည်း ဦးဝင်းနိုင်က ပြောပါတယ်။

“မန္တလေး၊ စစ်ကိုင်းထိကို စိုးရိမ်ရေမှတ်အထက်ကို ရောက်သွားပြီ၊ ကျော်သွားပြီ၊ ကျနော်တို့ danger level ကိုကျော်သွားပြီ။ အောက်ဘက်ကိုလည်းဆက်ရောက်မယ်၊ ဧရာဝတီတိုင်းကိုလည်း ဆက်ရောက်မယ်။ အောက်ပိုင်းမှာ မိုးများလာမယ့်အခြေအနေအမျိုးတွေလည်းရှိတယ်။ အောက်ဘက်မှာဆို မန္တလေးမှာ ဆိုရင်လည်း စိုးရိမ်ရေမှတ်အထက်ကို ၃ ပေလောက်ကျော်တယ်ဆိုလို့ရှိရင်ကို မြစ်ကမ်းနားနေတဲ့ သူတွေက အနိမ့်ပိုင်း အဓိက အနိမ့်ရပ်ကွက်တွေ ရေဝင်မယ်။”

ဇူလိုင် ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတိုင်းတာချက်တွေအရ မန္တလေးမြို့ရဲ့  ဧရာဝတီမြစ်ရေဟာ လာမယ့် တရက်တာအတွင်းမှာ စိုးရိမ်ရေမှတ်ထက် ၁ ပေခွဲမြင့်တက်လာနေတာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် မြစ်ကမ်းနားတဲ့ ဒေသခံတွေအနေနဲ့ကတော့ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပြီး လမ်းမအနားထိ မြစ်ရေတက်နေတဲ့အကြောင်း မန္တလေးမြို့ခံတဦးက ပြောပါတယ်။

“ဒီနေ့မနက် မန္တလေး ဂေါဝန်မြစ်ဆိပ်ရဲ့ ဧရာဝတီမြစ်ရေအခြေအနေကတော့ စိုးရိမ်ရေမှတ်ကို ကျော်လာပြီတော့ အဲဒီနားက ဒေသခံတွေကတော့ သဲအိတ်တွေ ကာထားကြတယ်။ မြစ်ဆိပ်မှာရှိတဲ့ ကရဝိတ်တို့ စားသောက်ဆိုင်တို့ အဲတာတွေအကုန်လုံးကို ရေက ကျော်လာပြီပေါ့။ ကျောက်လမ်းမရဲ့ လမ်းဘောင်နဲ့ ၁၀ ပေအကွာလောက်ပဲ လိုတော့တယ်၊။ အဲဒီက ဒေသခံတွေရဲ့ အပြောအရကတော့ အဲဒီသဲအိတ်တွေကိုပါ ကျော်လာနိုင်တယ်။”

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၉ ရက် နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်တွေအရ ဧရာဝတီမြစ် ချင်းတွင်းမြစ် စစ်တောင်းမြစ်တို့ အပါအဝင် တခြားသော မြစ်လက်တက်တွေရဲ့ မြစ်ရေတွေက မြင့်တက်နေပါတယ်။

ဗန်းမော်၊ ရွေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းနဲ့ မြင်းမူမြို့တွေအပြင် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ မုံရွာစတဲ့မြို့တွေမှာ မြစ်ရေက စိုးရိမ်ရေမှတ်ထက်ကျော်လွန်ရောက်ရှိနေ ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013