အကြမ်းဖက်ဝါဒကို အမှန်အဖြစ် လက်ခံလာအောင် လုပ်တဲ့အတွက် ဇာတ်ညွှန်းရေးဆရာ တယောက်နဲ့ ပြဇာတ်ဒါရိုက်တာတယောက်ကို ရုရှားတရားရုံးက ဇူလိုင် ၈ ရက်မှာ ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်ပါတယ်။
ရုရှားက အနုပညာလွတ်လပ်ခွင့်ကို သည်းမခံကြောင်း ဒီတရားရုံးစီရင်ချက်က ပြလိုက်တာလို့ အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေကို လက်ထပ်ခဲ့တဲ့ ရုရှားအမျိုးသမီးတွေအကြောင်းကို ရဲရင့်တဲ့သိမ်းငှက် ဖင်းနစ်လို့ခေါ်တဲ့ ပြဇာတ်အဖြစ် ထုတ်လုပ်ခဲ့တဲ့အတွက် အသက် ၃၉ နှစ်အရွယ် ဒါရိုက်တာ ဇန်ညာ ဘာကိုဗစ်ချ်နဲ့ အသက် ၄၄ နှစ်အရွယ် ဇာတ်ညွှန်းရေးဆရာ စဗက်လာနာ ပေထရီချက်ခ် တို့ဟာ မနှစ်က မေလမှာ အဖမ်းခံခဲ့ရတာပါ။
သူတို့ ၂ ယောက်စလုံးက အပြစ်မရှိဘူးလို့ ငြင်းပါတယ်။ ဒီအမှုဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းဆီ ရုရှားတပ်တွေ လွှတ်ပြီးကတည်းက ရုရှားအနုပညာလက်ရာတွေနဲ့ ပတ်သက်ပြီး အထင်ရှားဆုံးအမှုလည်း ဖြစ်ပါတယ်။
သီတင်းပတ် ၇ ပတ်ကြာတဲ့ ဒီအမှုကို ရုရှားအနုပညာအသိုင်းအဝိုင်းနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် လှုပ်ရှားသူတွေက နိုင်ငံရေးအကွက်ရွှေ့မှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
ပါဝင်ပတ်သက်သူတချို့အပေါ် စွပ်စွဲ ခြိမ်းခြောက်တာတွေ ဖြစ်လာနိုင်လို့ အများပြည်သူရှေ့မှာ တရားရုံး ကြားနာတာတွေကို ပိတ်ပင်ဖို့ အစိုးရရှေ့နေတွေရဲ့ အဆိုပြုချက်ကို တရားသူကြီး ယူရီ မက်ဆင်က အတည်ပြုပေးခဲ့ပါတယ်။
မေလနှောင်းပိုင်းမှာစတဲ့ တရားစီရင်ရေးအတွင်း လျှောက်လဲသူ ၂ ဦးက သူတို့ဟာ အကြမ်းဖက်ဝါဒကို ထောက်ခံတာထက်စာရင် ဆန့်ကျင်လို့ကို ဒီပြဇာတ်ကို စင်တင်ခဲ့တာလို့ ပြောပါတယ်။
အကြမ်းဖက်ဝါဒကို ဟန့်တားဖို့ ပြဇာတ်ကို စီစဉ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်သမားတွေအတွက် ပြစ်တင်ရှုတ်ချတာနဲ့ စက်ဆုပ်ရွံ့ရှာတာကလွဲလို့ သူ့မှာ ဘာမှမရှိဘူးလို့လည်း ဘာကိုဗစ်ချ်က တရားရုံးကို ပြောခဲ့ပါတယ်။
Source-Reuters