ယီမင်နိုင်ငံမှ ဟူသီအဖွဲ့ဟာ အစ္စရေးရဲ့ ဆိပ်ကမ်းမြို့ အေးလာ့ထ်ကို ပစ်မှတ်ထားပြီး ဒရုန်းတွေ အများအပြား အသုံးပြုကာ အီရတ် အစ္စလာမ္မစ် တော်လှန်ရေးအဖွဲ့နဲ့ ပူးတွဲစစ်ရေး စစ်ဆင်ရေးတရပ် ဆောင်ရွက်ခဲ့ကြောင်း ဟူသီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ဇူလိုင် ၈ ရက် ရုပ်မြင်သံကြား ထုတ်ပြန်ချက်မှာ ပြောပါတယ်။
သူတို့ဟာ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း တောင်ဘက်ရှိ အူမ်-အယ်လ်-ရာ့ရှ်ရာ့ရှ် (အေးလာ့ထ်မြို့ရဲ့အမည်ဟောင်း) မှ ပစ်မှတ်တခုကို ဦးတည်ပစ်မှတ်ထားခဲ့တာ ဖြစ်ကြောင်းနဲ့ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေကိုလည်း အောင်အောင်မြင်မြင် လုပ်ဆောင်ပြီးစီးခဲ့ကြောင်း ဆိုပါတယ်။
ဟူသီအုပ်စုဟာ နိုဝင်ဘာလကတည်းက ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းတွေမှာ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာဖြစ်ပြီး ဒါဟာ ဂါဇာရှိ ပါလက်စတိုင်းတွေနဲ့ တစည်းတလုံးတည်း ရှိကြောင်းကို ပြသတာလို့ သူတို့က ဆိုပါတယ်။
ဂါဇာမှာ စစ်ပွဲမရပ်မချင်း၊ ပါလက်စတိုင်းကို ပိတ်ဆို့မှု ပြန်မဖြေလျှော့မချင်း အီရတ်အစ္စလာမ် တော်လှန်ရေးအဖွဲ့နဲ့ ပူးတွဲစစ်ဆင်ရေးတွေ ဆက်လုပ်သွားမယ်လို့လည်း ယာယျာဆာရီးက ပြောပါတယ်။
အီရန်ရဲ့မိတ်ဖက် ဟူသီအဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး စစ်ဆင်ရေးကို နိုဝင်ဘာလမှာ ဒရုန်းနဲ့ ဒုံးကျည်တွေနဲ့ ရေလမ်းကြောင်း တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကာ ဒါဇင်နဲ့ချီတဲ့ တိုက်ခိုက်မှုတွေမှာ ရေယာဉ် ၂ စင်းကို နှစ်မြုပ်ခဲ့ပြီး တခြားရေယာဉ်တစီးကို ဖမ်းဆီးထားကာ သင်္ဘောသား ၃ ဦးကို သတ်ဖြတ်ထားပါတယ်။
Source-Reuters