ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဥ်မှာ ဇနီးဖြစ်သူကို ဦးခေါင်းကွဲအက်ဒဏ်ရာနဲ့ သေဆုံးတဲ့အထိ ကျူးလွန်ခဲ့တဲ့ အမျိုးသားဖြစ်သူ ဇော်ဝင်းထွဋ် (ခ) ဝဠာကို Lion စစ်ကြောင်း တာဝန်ရှိသူတွေက ထိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံပြီး ဖြစ်တယ်လို့ Lion Battalion Commando က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ပါတယ်၊
တရားခံဖြစ်သူကို ထိုင်းအာဏာပိုင်တွေလက်ထဲ အပ်နှံဖို့တိုက်တွန်း ကြိုးစားခဲ့တဲ့ Sisters2Sisters အမျိုးသမီးအဖွဲ့နဲ့အတူ Lion Battalion Commando စစ်ကြောင်းက တာဝန်ရှိသူတွေက ဇူလိုင် ၇ ရက်မှာ အပ်နှံခဲ့တာ ဖြစ်ပါတယ်။
အမှုမှန်ပေါ်ပေါက်ရေး စတင်ဖော်ထုတ်ခဲ့ပြီး သေဆုံးသူအမျိုးသမီးဘက်က တရားမျှတမှု ရရှိရေး ကူညီဆောင်ရွက်ခဲ့သူ မထိပ်ထားကတော့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တရားခံလွှဲပြောင်းစဉ်က ဓာတ်ပုံတချို့ကို ဝေမျှခဲ့ပြီး အခုလိုပဲ ရေးသားထားပါတယ်၊
“ကျောက်ခတ်ရွာ ထိုင်း-မြန်မာနယ်စပ် နယ်ခြားစောင့်တပ်တွေရှိရာကို ကိုယ်တွေအဖွဲ့ သွားရောက်တွေ့ဆုံခဲ့တယ်။ ဖုတ်ဖရရဲစခန်းကနေ တဆင့် မဲဆောက်ရဲစခန်းကို တခါတည်းအပ်နှံပြီး အမှုဖွင့်စုံစမ်းမှုကို ဒီနေ့တွင်းပဲ လုပ်နိုင်ခဲ့တယ်။ မဲဆောက်ရဲစခန်းက တာဝန်ရှိ ရဲအရာရှိ ပြောကြားချက်အရ အနည်းဆုံး ထောင် နှစ် ၂၀ ကျခံရနိုင်တယ်လို့ ဆိုပါတယ်။ တရားခံကလည်း အပြစ်ကို ဝန်ခံထားပြီး ဒီနေ့ပဲ အခင်းဖြစ်ရာနေရာတွေကို သွားရောက်စစ်ဆေးမှုလုပ်ခဲ့ပါတယ်။”
အမျိုးသမီးတွေ အကြမ်းဖက်မှုကနေ ကာကွယ်ပေးဖို့ အလားတူဖြစ်ရပ်တွေမဖြစ်ဖို့ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ Sisters2Sisters က မသဉ္ဇာရွန်းလဲ့ရည်က ပြောပါတယ်။
“ဒီအမှုက အမျိုးသမီးအဖွဲ့တွေရဲ့ ဒီတော်လှန်ရေးမှာ တာဝန်ယူမှု တာဝန်ခံမှုအတွက်ရော နောက်ပြီး မဟာဖိုဝါဒကျဆုံးမှုရဲ့ ခြေလှမ်းတခုဖြစ်ပါတယ်။ ကျမတို့အမျိုးသမီးအဖွဲ့တွေရဲ့ နောက်ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့ အမျိုးသမီးအစုအဖွဲ့တွေ နယ်စပ်တလျှောက်မှာ နေထိုင်သူတွေရဲ့ ရှေ့က အားထုတ်လမ်းပြခဲ့မှုလည်း ဖြစ်ပါတယ်။ အမျိုးသမီးအဖွဲ့အသစ်တွေ လူငယ်အသစ်တွေကလည်း ဒီလမ်းကြောင်းမှာပဲ လျှောက်လှမ်းပြီးတော့ ကျမတို့ နိုင်ငံမှာ လိုချင်တဲ့ လုံခြုံတဲ့ဝန်းကျင်စနစ်တွေ ရအောင် ဆက်ပြီးကြိုးစားသွားရမှာဖြစ်ပါတယ်” လို့ပြောပါတယ်၊
သေဆုံးသူ မထက်ထက်ဇော်ရဲ့ မိဘတွေက ပြည်ပကိုလာရောက်ဖို့ အခက်အခဲတွေရှိတဲ့အတွက် အလောင်းထုတ်ယူ သင်္ဂြိုဟ်တာနဲ့ နာရေးကိစ္စတို့ကို မဲဆောက်ဘက်က အရပ်ဘက်အဖွဲ့တွေကပဲ ဆက်လက်လုပ်ဆောင်ပေးသွားဖို့ ရှိပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးသူအမျိုးသမီးအလောင်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ဖို့ အမျိုးသမီးအဖွဲ့တွေ ကြိုးစားနေကြောင်း ဖော်ပြထားတဲ့ DVB ရဲ့ သတင်းကို ကိုးကားပြီး စစ်ကောင်စီ လက်အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး (ဘန်ကောက်) ရုံးကလည်း ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၃ ရက်မှာ မဲဆောက်ဆေးရုံကြီးက ဥပဒေအရဆောင်ရွက်ဖို့ အကြောင်းကြားလာလို့ မိသားစုဝင်တွေ ဆက်သွယ်ဖို့ကိုလည်း ဘန်ကောက် မြန်မာသံရုံးက အသိပေး ထုတ်ပြန်ထားပါတယ်။