Home
နိုင်ငံတကာ
ချင်းမိုင် ကုန်တိုက်ကြီးတွင် ရွှေအလေးချိန် ဘတ် ၈၀ ခန့် လုယက်ခံရ 
DVB
·
July 9, 2024
Photo - ကျူးလွန်စဉ် အသုံးပြုခဲ့သော အငှားကား

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဖားဟမ့်ရပ်ကွက်ရှိ နာမည်ကြီးကုန်တိုက်ကြီးတခုက ရွှေဆိုင်တဆိုင်မှာ ရွှေအလေးချိန် ဘတ် ၈၀ ခန့် (၆၀ ကျပ်သားခန့်) လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

ဇူလိုင် ၈ ရက် မနက် ၁၁ နာရီကျော်မှာ ဖုဒ်ရွိုက်တာ(အစားအသောက်ပို့သူ) ဂျာကင်အင်္ကျီဝတ် အမျိုးသားတယောက် ကုန်တိုက်ဒုတိယထပ်ရှိ ရွှေဆိုင်ထဲ ဝင်လာပြီး ဆိုင်ထဲက ဝန်ထမ်းတွေကို ရွှေတွေအကုန် သူ့အိတ်ထဲထည့်ဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်၊ ဝန်ထမ်းတွေ ရုတ်တရက် မှင်တက်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်စဉ် ထိုသူက ရွှေတွေဖြုတ်ယူပြီး သူ့အိတ်ထဲထည့်ကာ ထွက်ပြေးသွားတယ်၊ ကျူးလွန်ချိန် ၁ မိနစ် ၄ စက္ကန့်လောက်သာရှိပြီး မြန်ဆန်လွန်းတာကြောင့်  ဆိုင်ဝန်ထမ်းနဲ့ ကုန်တိုက်ထဲကလူတွေ ဘာမှကာကွယ်တားဆီးချိန်မရလိုက်ဘူးလို့ ဆိုပါတယ်။ 

ရဲတွေက စီစီတီဗွီကင်မရာထဲကနေ တွေ့ရတဲ့ ကားတစီးနောက် လိုက်ဖမ်းရာမှာ ညနေ ၃ နာရီလောက်မှာ အဆိုပါကားကို ဒွိုင်ဆုထစ်တောင်ပေါ် အတက်လမ်း တောစပ်အနီးမှာ တွေ့ခဲ့တယ်၊ ကားမောင်းသူတော့ မရှိ၊ ကားမောင်းသူဘေးမှာ သွေးအစအန တွေ့ရတယ်၊ ကားပိုင်ရှင်မှာ ကျန်ထပူရီခရိုင်မှ မိန်းကလေးတဦးဖြစ်ပြီး သူမက အဆိုပါကားကို သူ့ရဲ့ရည်းစား မောင်းဖို့ ပေးငှားထားတာလို့ ဆိုပါတယ်။ 

ညပိုင်းမှာတော့ ဒွိုင်စကစ်မြို့နယ်ရှိ နေအိမ်တလုံးကနေ မသင်္ကာဖွယ် အသက် ၂၆ နှစ်ရွယ် အရွယ် နိုင်းနိဖိဖွန်းဆိုသူ ထိုင်းအမျိုးသားကို သွားရောက်ဖမ်းဆီးရာမှာ ရွှေဆိုင်မှာ လုယက်ခဲ့တဲ့ ရွှေအလေးချိန် ၇၃ ဘတ်  ပြန်ရတယ်၊ ဒီမတိုင်ခင်က သူဟာ ရွှေထည်အချို့ကို ဆန်ကမ်းဖဲန်းနဲ့ ဒွိုင်စကစ်မြို့နယ်ရှိ ရွှေဆိုင် ၃ ဆိုင်မှာ သွားရောင်းချခဲ့တယ်၊ ရွှေဆိုင်ပိုင်ရှင်တွေက ရွှေလုတဲ့ သတင်းကို ကြားသိထားလို့ သူ့ကိုသင်္ကာမကင်းဖြစ်ပြီး ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။ 

တရားခံကို စစ်ကြောမေးမြန်းချက်အရ သူဟာ ငွေကြေးအကျပ်အတည်းရှိတာကြောင့် ခုလိုလုယက်မှု  ကျူးလွန်ရတယ်လို့ ဝန်ခံသွားပါတယ်။ 

အဲဒီနေ့က ကားနဲ့ အိမ်ကနေ မနက် ၄ နာရီထွက်ခဲ့တယ်။ ကားကို ဒွိုင်ဆုထစ်အတက်လမ်း ကာလဲ စားသောက်ဆိုင်အနီးမှာ ရပ်ထားခဲ့ပြီး  ၂ ကီလိုလောက် လမ်းလျှောက်ဆင်းလာတယ်၊ အဲဒီနောက် အပလီကေးရှင်းကနေ အငှားကားတစီး ခေါ်လိုက်တယ်၊  ကားပေါ်တက်ပြီးနောက် သူက ယာဉ်မောင်းကို သေနတ်နဲ့ပစ်ပြီး အလောင်းကို ဒွိုင်ဆုထစ်တောင်ပေါ် တောထဲမှာ သွားပစ်ထားတယ်၊ သူကတော့ အဲဒီယာဉ်မောင်းရဲ့ ဂျာကင်အင်္ကျီကို ဝတ်ပြီး အဲဒီကားကိုပါ မောင်းလာကာ ကုန်တိုက်မှာ ရွှေလုမှု ကျူးလွန်ခဲ့တယ်။ ရွှေလုပြီးတာနဲ့ ကားကို တောင်ပေါ်လမ်းမှာ ပြန်ရပ်ထားပြီး သူ့ကားနဲ့ အိမ်ပြန်လာတာလို့ ဝန်ခံသွားပါတယ်။ 

အငှားကားသမားမှာ လယောင်းခရိုင်မှာ နေထိုင်ပြီး မိခင်ဖြစ်သူ နေမကောင်းလို့ ချင်းမိုင်ကို ခဏပြန်လာတယ်၊ အပိုဝင်ငွေရဖို့ အငှားကားမောင်းစဉ် ခုလိုရက်စက်စွာ အသတ်ခံရတာလို့ သေဆုံးသူရဲ့ သူငယ်ချင်းက ရဲတွေကို ပြောပါတယ်။ 

လုယက်သူကို ကျူးလွန်ပုံတွေ သရုပ်ဖော်ပြန်လုပ်ခိုင်းစဉ် သေဆုံးသူရဲ့ သူငယ်ချင်းတွေက မခံမရပ်နိုင်ဘဲ ဝိုင်းထိုးကြိတ်ဖို့ဝင်လာတော့ ရဲတွေက တားဆီးခဲ့ရပါတယ်။ ကျူးလွန်သူကို ရဲစခန်းက တမင်ရည်ရွယ်လူသတ်မှု၊ လက်နက်မှု၊ လုယက်မှုတွေနဲ့ အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့ကပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။ 

Source: ChiangMaiNews

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013