Home
ဆောင်းပါး
စစ်အာဏာသိမ်းမှုအောက် နင်းပြားဖြစ်နေဆဲ အထည်ချုပ်အလုပ်သမားတွေရဲ့ ဘဝ
DVB
·
July 9, 2024
Design-DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာ ဝါးတရာစက်မှုဇုန်အတွင်းက အားကစားပစ္စည်းထုတ်လုပ်တဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံတရုံမှာ အမျိုးသမီး လုပ်သားတဦးကို နိုင်ငံခြားသားက လုပ်ငန်းခွင်အတွင်း ဘလက်ကာယ ပြုလုပ်တဲ့ကိစ္စ တိုင်ကြားတာကြောင့် အလုပ်ထုတ်ခံရတဲ့အပြင် စစ်တပ်နဲ့ပါ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ အဲဒီစက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ မဝါဝါ (အမည်လွှဲ) က ပြောပါတယ်။

“စက်ရုံဘက်က စစ်သားတွေကို ပိုင်တယ်ဆိုတဲ့ သဘောနဲ့ ဘာပဲသွားတိုင်တိုင် အလုပ်သမားတွေက မရဘူး။ နိုင်ငံခြားသားတယောက်က မိန်းကလေးအိမ်သာအထိ ဝင်တာမျိုး၊ ဆွဲလားရမ်းလား လုပ်တာမျိုး အထိတောင် ဖြေရှင်းချက်မပေးဘူး” လို့  မဝါဝါက ဖြစ်စဉ်ကို ပြန်ပြောပြပါတယ်။

အဲဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ မဝါဝါကိုတော့ စက်ရုံဘက်က EC (Employment contract) အလုပ်စာချုပ်အရ warning (သတိပေးချက်) ၄ ချက် မပြည့်ဘဲ အလုပ်ထုတ်လိုက်ပြီး ဝန်ထမ်းရေးရာ HR အနေနဲ့ သူ့ကို ရိုင်းပြစွာ ဆက်ဆံလို့ဆိုကာ အကြောင်းပြခဲ့ပါတယ်။

“ကျမကို မတရား အလုပ်ထုတ်ထားတော့ ကျန်တဲ့သူတွေက တောင်းဆိုမှုလုပ်ကြတော့ စစ်တပ်ကိုခေါ်ပြီးတော့ တောင်းဆိုတဲ့အထဲက အလုပ်သမားတယောက်ကို စစ်သားက ပါးရိုက်တဲ့အထိတောင် ဖြစ်သွားတယ်။ အခုဆိုရင် တခုခုဖြစ်ပြီဆိုတာနဲ့ စစ်တပ်ကို ခေါ်တော့တာပဲ” လို့ မဝါဝါက ပြောပါတ​ယ်။

ရွှေပြည်သာစက်မှုဇုန်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ အလုပ်သမားတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေထဲက တခုသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်း အထည်ချုပ်စက်ရုံတွေ အပါအဝင် တခြားစက်ရုံ အလုပ်ရုံတွေမှာ ခေတ်သစ်ကျွန်ပြုတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာလိုမျိုး၊ နိစ္စဓူဝ မကြားဝံ့မနာသာ ဆဲဆိုခံနေရတာလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်ခံမှုတွေ ဆက်တိုက် ကြုံနေရတယ်လို့ အလုပ်သမားသမဂ္ဂတွေဆီက သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ “မည်သူ့ကိုမှ ကျွန်အဖြစ် စေခိုင်းခြင်း မပြုရ။ လူတိုင်း မျှတသော တရားစီရင်မှု ခံခွင့်ရှိသည်။ လူအများကြားနာနိုင်သော တရားရုံး ဖြစ်ရမည်။ လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ လူတိုင်း ငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသော အဖွဲ့များသို့ လွတ်လပ်စွာ ဝင်ခွင့်ရှိသည်။ လူတိုင်း လူမှုဘဝဖူလုံရေး ခံစားခွင့်ရှိသည်။ လူတိုင်း သင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂများသို့ ဝင်ရောက်ခွင့်ရှိသည်” စသဖြင့် အတိအလင်း ပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာတော့ အဲဒီ လူ့အခွင့်အရေးတွေ အကုန်လုံးဟာ အထည်ချုပ် အလုပ်သမား လူတန်းစားတွေ အတွက်တော့ ဘာတခုမှ ရမနေပါဘူး။

အထူးသ‌ဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်ရှိနေတဲ့ စက်ရုံအများစုဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံတွေဖြစ်ပြီး စစ်တပ်ကို အကာအကွယ်ယူကာ စက်ရုံ အလုပ်သမားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများဆုံး ပြုလုပ်နေတယ်လို့ အလုပ်သမားသမဂ္ဂတွေက ဆိုပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းရှင်အသင်းဝင် စက်ရုံ ၈၁၇ ခုရှိပြီး အဲဒီအထဲက ၅၄၆ ရုံက လည်ပတ်နေပေမဲ့ ကျန်တဲ့ ၂၇၁ ရုံက လည်ပတ်မှု ရပ်ဆိုင်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မမျှတတဲ့ လုပ်အားစေခိုင်းမှုတွေ၊ အချိန်ပို အဆမတန် ဆင်းခိုင်းတာတွေ၊ လုပ်အားခ မရှင်းပေးတာ၊ လုပ်ခလစာ မမှန်ကန်တာနဲ့ လုပ်ငန်းခွင်တွင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ ဖိနှိပ်ခံရမှုတွေကို အလုပ်သမားတွေ အများဆုံး ရင်ဆိုင် ကြုံတွေ့နေရတာပါ။

“လုပ်ငန်းခွင်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေဆိုရင် ခြေပြတ် လက်ပြတ်တွေကအစ ရှိတယ်။ ခြေပြတ် လက်ပြတ်တွေဆိုရင်လည်း ကျမ မသိအောင် လျှော့ပစ်တာမျိုးတွေရှိတယ်။ စက်ပစ္စည်းတွေကြောင့် ဖြစ်သွားတဲ့ ခြေပြတ်လက်ပြတ်တွေ စက်ရုံထဲမှာရှိတယ်။ ကျမ လုပ်သက်က ငါးနှစ်ခွဲ ရှိပြီဆိုတော့ အကြောင်းစုံ အကုန်သိတယ်” လို့ မဝါဝါက ဆိုပါတယ်။

ဒါကြောင့်လည်း အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမဂ္ဂအဖွဲ့အချို့ ဖြိုခွဲခံရတဲ့အပြင် မဝါဝါလို အလုပ်သမားခေါင်းဆောင်တွေကိုလည်း အလုပ်ကနေ ထုတ်ပယ်တာမျိုးတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားသမဂ္ဂတွေကို အလုပ်ထုတ်တယ်ဆိုတာ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်ကို ချိုးဖောက်ရာကျတဲ့အပြင် ILO ရဲ့ ကွန်ဗန်းရှင်း ၈၇ ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ အလုပ်သမားရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ၁၉၄၈ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေအရ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေဟာ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးကတည်းက စစ်တပ်ဟာ အလုပ်သမားအဖွဲ့အစည်း အများအပြားကို မတရားအသင်း ကြေညာခဲ့သလို အချို့တွေကို ဖမ်းဆီးထောင်ချခဲ့တာကြောင့် အလုပ်သမား အရေး ဆောင်ရွက်သူတွေ အများအပြား ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ILO ပြဋ္ဌာန်းချက် အမှတ် ၈၇ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခံစားခွင့်၊ ပြဋ္ဌာန်းချက်အမှတ် ၂၉ အဓမ္မအလုပ်ခိုင်းစေခြင်း ချိုးဖောက်မှုတွေအပြင် အကျိုးစီးပွားခံစားခွင့် အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများစွာကို အမြင့်ဆုံးအဆင့် ချိုးဖောက်ခံနေရတာ ဖြစ်ပါတယ်။ အလုပ်သမားတွေ အများအပြားဟာ သူတို့ခံစားရတာကို ထုတ်ဖော်မပြောနိုင်တော့တဲ့အတွက် အခြေအနေတွေဟာ တစထက်တစ ပိုဆိုးရွားလာပါတယ်။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) တာဝန်ရှိသူ မမျိုးအေးက “အလုပ်သမားတွေကလည်း ဒီကာလမှာ တခြားပုဒ်မတွေနဲ့ ဖမ်းဆီးခံရမှာ ကြောက်တာကြောင့် တော်တန်ရုံကိစ္စတွေကို မပြောတော့တာ ဖြစ်တာကြောင့် ပိုပြီး အခြေအနေတွေ ဆိုးလာတယ်လို့ ကျမအနေနဲ့ သုံးသပ်ရပါတယ်” လို့ မှတ်ချက်ပေးပါတယ်။

စက်ရုံပိုင်ရှင်တွေက စစ်တပ်ဘက် နယ်မြေခံအရာရှိတွေကို ကျပ် သိန်း ၅၀ အထက် လာဘ်ငွေ ပေးထားပြီး စက်ရုံတွင်း တိုင်ကြားမှုတခုခု ဖြစ်တာနဲ့ စစ်တပ်ကိုခေါ်ကာ ခြိမ်းခြောက်တာတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“စက်ရုံဘက်ကလည်း တခုခုဆို စစ်တပ်ကိုခေါ်တာ၊ ရွှေပြည်သာနယ်ပိုင် အကြီးဆုံးလူကို ဖုန်းဆက်ခေါ်တာ၊ သူ့ကို တလ သိန်း ၈၀ ပေးထားတော့ ခေါ်တဲ့အချိန်တိုင်း ချက်ချင်းရောက်လာတာ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေပြည်သာက အလုပ်သမား တယောက်က ပြောပါတယ်။

အလုပ်ရှင်တွေဟာ အလုပ်သမားတွေ လွတ်လပ်စွာ စုဖွဲ့ထားတဲ့ အစစ်အမှန် သမဂ္ဂတွေကို ဖြိုခွဲပြီး တဖက်မှာ နိုင်ငံတကာအမှတ်တံဆိပ်တွေဆီက အထည်အော်ဒါရရှိရေး ဟန်ပြသက်သက် အတုအယောင် Yellow Unions များ ဖွဲ့စည်းလာကြပါတယ်။

အတုအယောင်သမဂ္ဂတွေဟာ အလုပ်သမားအခွင့်အရေးတွေကို လျစ်လျူရှုထားတာကြောင့် လုပ်ငန်းရှင်တွေဟာ ဝန်ထမ်းတွေကို စိတ်ကြိုက်ခြယ်လှယ်လို့ရပြီး တနာရီကို အထည် ၆၀ - ၇၀ ပြီးအောင် ချုပ်ခိုင်းတာလိုမျိုး မြင့်မားတဲ့ အရေအတွက် သတ်မှတ်ချက်တွေ ပြီးအောင် အတင်းအဓမ္မ ဆဲဆို ဖိအားပေး ခိုင်းတာတွေကို နေ့စဉ် ကြုံတွေ့နေရပါတယ်။ အထည်စံချိန် အပြည့်မပေးနိုင်တဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်မယ်လို့ ခြိမ်းခြောက်ခံရရုံမကဘဲ လစာဖြတ်ခံရတာ၊ သတိပေးစာ လက်မှတ်ထိုးခိုင်းတာ၊ ကြိမ်းမောင်းတာတွေကို ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် NLF - Myanmar ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က “H&M Brand ချုပ်နေတဲ့ စက်ရုံတခုမှာ စံချိန်အပြည့်မချုပ်နိုင်တဲ့ အလုပ်သမားတွေကို ဒူးထောက် လမ်းလျှောက်ခိုင်းတာ၊ ရိုက်ပြီး ဆဲဆို အော်ဟစ်တာတွေ၊ တွန်းပြီး ရိုက်နှက် ဆဲဆိုတာတွေကိုလည်း အလုပ်သမားတွေ ကြုံနေရတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက စက်ရုံအလုပ်သမားတွေဟာ ဖိနှိပ်မှုများစွာ စစ်ဖိနပ်အောက်က နင်းပြားတွေအဖြစ် အလုပ်ခွင် ငရဲခန်းတွေမှာ လုပ်ကိုင်နေကြရပါတယ်။ တရက်ကို အနိမ့်ဆုံး လုပ်အားခ ငွေကျပ် ၇,၀၀၀ မပြည့်တဲ့ ပမာဏနဲ့ အဆမတန် မြင့်တက်နေတဲ့ ကုန်စျေးနှုန်းတွေကြား လုံးလည်ချာ လိုက်နေကြရတယ်။

စက်ရုံတွေမှာ အလုပ်သမားအများစုရတဲ့ လုပ်ခလစာကို တရက် လုပ်အားခ ငွေကျပ် ၄,၈၀၀ နဲ့ အပိုထောက်ပံ့ကြေး ၁,၀၀၀၊ စုစုပေါင်း ၅,၈၀၀ ကနေ အများဆုံး ၆,၈၀၀ ကျပ်သာ ရရှိနေတာပါ။

လက်ရှိ မြန်မာနိုင်ငံရဲ့ ကုန်စျေးနှုန်းအရ တရက်ကို ငွေကျပ် ၅,၈၀၀ လုပ်အားခဟာ လောက်ငမှုမရှိတဲ့အပြင် (၂ ဒေါ်လာထက် မပိုတဲ့) ဒီငွေပမာဏဟာ နိုင်ငံတကာက အခြေခံလုပ်သားတွေရဲ့ လုပ်ခလစာထက် များစွာနိမ့်ပါးတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားတွေက အနိမ့်ဆုံး လုပ်ခလစာ တိုးပေးဖို့ကို နှစ်စဉ် မေလ ၁ ရက်တိုင်း တောင်းဆိုခဲ့ကြပေမဲ့ ကိုဗစ်ကာလကတည်းက တိုးပေးဖို့ ၂ နှစ်ကျော် ပျက်ကွက်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်မှာလည်း အနည်းဆုံးနှုန်းထားမှာ အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ်သာ တိုးပေးခဲ့တာပါ။

အမျိုးသမီး စက်ရုံအလုပ်သမားတွေမှာ နောက်ထပ် အဆိုးဝါးဆုံး ချိုးဖောက်ခံနေရတဲ့ လူ့အခွင့်အရေးကတော့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာနဲ့ လုပ်ငန်းခွင်အတွင်း ကိုယ်ဝန်ပျက်ကျတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေဆီက သိရပါတယ်။

အလုပ်သမားအရေး ကူညီပေးသူတဦးက “မိုးလင်းကနေ နောက်တရက် မိုးလင်းအထိ တညလုံး ကိုယ်ဝန်သည်တွေ OT ဆင်းရတယ်။ မနက်ပိုင်း နာရီဝက်လောက် နားချိန်ပေးပြီး အလုပ်ချိန်ပြန်စတဲ့ ၇ ခွဲလောက်ဆိုရင် လုပ်ငန်းခွင်ထဲ ပြန်ဝင်ရတယ်။ နေ့ရောညရော နားချိန်မရှိတဲ့အတွက် ကိုယ်ဝန်ဆောင်တဦး အရင်ပျက်ကျတယ်။ လုပ်ငန်းခွင်ထဲမှာ သွေးတွေဆင်းလာတယ်။ ကိုယ်ဝန်ပျက်ကျသွားလို့ အပြင်ဆေးခန်းမှာ တက်ရမယ်ဆိုလို့ အလုပ်ရှင်ဆီ ခွင့်တောင်းတယ်၊ ခွင့်ကတော့ ပေးလို့မရဘူး။ ကုချင်ရင် အလုပ်ထွက်ပြီး ကုဖို့ ပြောတယ်။ အဲဒါနဲ့ ကိုယ်ဝန်ပျက်ကျတဲ့ အမျိုးသမီးလည်း အလုပ်ပြုတ်သွားတယ်” လို့ ပြောပါတယ်။

အဲဒီ အထည်ချုပ်စက်ရုံမှာ ဝန်ထမ်းပေါင်း ၇၀၀ ကျော်ရှိပြီး အများဆုံးက အမျိုးသမီးတွေ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း အလုပ်ချိန် ၈ နာရီထက် ပိုလုပ်ရပြီး Target မီအောင် ချုပ်ရတဲ့အတွက် ထမင်းစားချိန်၊ အိမ်သာသွားချိန်ကအစ ကန့်သတ်ခံရတာတွေ ရှိတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

ဒီအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို မခံနိုင်လို့ တုံ့ပြန်ရင်လည်း လျော်ကြေးတစုံတရာမရဘဲ အလုပ်ထုတ်ခံကြရပါသေးတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၄၁ ရာခိုင်နှုန်းအထိ ရှိလာပြီး အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၉ ဒသမ ၅ ရာခိုင်နှုန်းသာ နစ်နာကြေးရရှိကာ အမျိုးသမီးတွေနဲ့ အသက် ၁၅ နဲ့ ၂၄ ကြား လူငယ်တွေကတော့ အမျိုးသားတွေနဲ့ ဝါရင့်အလုပ်သမားတွေထက် နစ်နာကြေးရတာ ပိုနည်းတယ်လို့ ဖော်ပြထားပါတယ်။

ဇွန်လ ၃ ရက်နေ့ကနေ ဇွန်လ ၁၄ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (112th International Labor Conference-ILC) မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအခွင့်အရေးတွေကို မြန်မာစစ်တပ်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီး အလုပ်သမားတွေကို ခေတ်သစ် ကျွန်ပြုခိုင်းစေခံရတဲ့ လုပ်ရပ်တွေသာ ဖန်တီးနေတယ်လို့ သက်သေအထောက်အထားနဲ့တကွ စုံစမ်းစစ်ဆေး ဖော်ထုတ် အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ILO အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးကောက်ခံရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါဖြိုးစန္ဒာစိုးက စစ်ကောင်စီကို ILO က ဒဏ်ခတ်အရေးယူဖို့ တွန်းအားပေးသွားမယ်လို့လည်း ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ နိုင်ငံတကာက အာရုံစိုက်ရန်နဲ့ ဝင်ရောက်စွက်ဖက်ရန် လိုအပ်နေတာကို အထင်အရှား ပြသနေပါတယ်။ အခက်အခဲတွေကြားက အလုပ်သမားအရေး လှုပ်ရှားသူတွေကို ဆက်လက် ဖိနှိပ်ခံနေရတာဟာ အလုပ်သမားဥပဒေလို ခိုင်မာတဲ့ အကာအကွယ်တွေ မရှိတော့တာ၊ လုပ်ငန်းရှင်တွေအပေါ်မှာ ဖိအားပေးနိုင်မှု အားနည်းနေတာကို ထပ်ဟပ်စေပါတယ်။

မဝါဝါလို လက်ကျန် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့အချိန်မှာ ချိုးဖောက်မှုတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်နိုင်ဖို့ နိုင်ငံတကာနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဝိုင်းဝန်းပံ့ပိုးပေးဖို့၊ ကြားဝင်ဆောင်ရွက်ပေးဖို့ သေချာပေါက် လိုအပ်နေပါတယ်။

ဒီလိုဖြစ်ရပ်တွေက တောင်းဆိုပြီး သွားရမယ့် ကိစ္စတွေ မဟုတ်ဘဲ ဥပဒေအရ ပြဋ္ဌာန်းထားတဲ့ အချက်တွေအပေါ်မှာ ချိုးဖောက်တာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လုပ်ငန်းရှင်တွေကို ပြတ်သားတဲ့ အရေးယူမှုတွေ လုပ်ပေးရမယ်လို့  STUM တာဝန်ရှိသူ မမျိုးအေးက ပြောပါတယ်။

“အချိန်ပိုမဆင်းတဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်လို့ မရဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အချိန်ပိုက မဖြစ်မနေ အလုပ်သမားက ဆင်းပေးရမယ်လို့ မပါဘူး။ အလုပ်သမားရဲ့ လွတ်လပ်သော ဆန္ဒနဲ့သာ ဆင်းရတာ၊ အချိန်ပိုမဆင်းလို့ အလုပ်သမားကို အလုပ်ဖြုတ်တယ်ဆိုတာ နောက်ထပ် အလုပ်သမားအခွင့်အရေးတခုကို ချိုးဖောက်တာ ဖြစ်တယ်။”

မဝါဝါက “မန်နေဂျာနဲ့ စက်ရုံမှူးက ပိုက်ဆံပေးပြီး အရင် အလုပ်သမားခေါင်းဆောင်ကို ဓားနဲ့ထိုးခိုင်းတာမျိုးလည်း ရှိတယ်။ ကျမ စလုပ်တုန်းကလည်း လူတွေနဲ့ဝိုင်းပြီး လုပ်ခိုင်းတယ်။ စက်ရုံက ကလေးတွေက ကျမကို ပြန်လိုက်ပို့ရတာ။ စက်ရုံမှာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မတရားဖြစ်နေတဲ့အတွက် ကျမကို လာညှိလည်း ကျမဆက်လုပ်ခဲ့တာ” လို့ ပြောပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူတွေအနေနဲ့ စစ်တပ်ရဲ့ မတရားဖမ်းဆီး ခြိမ်းခြောက်မှုတွေကြောင့် အလုပ်သမားအရေး ကူညီပေးတဲ့ ကိစ္စတွေကို အာဏာမသိမ်းခင်ကလို ထဲထဲဝင်ဝင် မလုပ်ကိုင်နိုင်တော့ဘဲ တချို့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေဆိုရင် ပြည်ပနိုင်ငံတွေဆီ တိမ်းရှောင်နေရပါတယ်။

စိုးပြည့်စုံ

Photo- FGWM

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024