ဇူလိုင် ၈ ရက်မှာ တလအတွင်း အမြင့်ဆုံးနှုန်းရောက်ခဲ့တဲ့ ထိုင်းဘတ်စျေးဟာ ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ တဒေါ်လာကို ၃၆ ဒသမ ၁ ဘတ်အထိ ကာလတို တန်ဖိုးတက်နိုင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
အမေရိကန် စီးပွားရေးအချက်အလက်တွေက မျှော်မှန်းတာထက် အားနည်းနေတာအပြင် လာမယ့် စက်တင်ဘာမှာ အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးနှုန်းလျှော့မယ်လို့ ခန့်မှန်းထားကြတာကြောင့် ဘတ်စျေးပိုမာဖို့ ရှိနေပါတယ်။
အာရှငွေကြေးတွေ စျေးမာလာမှုမှာ ဘတ်စျေးကလည်း အဓိကဦးဆောင်နေပြီး ဇူလိုင် ၈ ရက် မနက်ပိုင်းမှာ တဒေါ်လာကို ၃၆ ဒသမ ၄ ဘတ်နဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။
တကိုယ်ရေသုံးစွဲမှု PCE အညွှန်းကိန်း အချက်အလက်တွေအရ ရင်းနှီးမြှုပ်နှံသူတွေက ဒေါ်လာပြန်ထုတ်ရောင်းလာကြပါတယ်။
အမေရိကန်အလုပ်သမားစျေးကွက် အားပျော့လာပြီး အလုပ်လက်မဲ့နှုန်းဟာ ၂ နှစ်ခွဲအတွင်း အမြင့်ဆုံးအဖြစ် ၄ ဒသမ ၁ ရာခိုင်နှုန်းထိ ရှိလာပါတယ်။ ဘတ်ငွေတန်ဖိုးဟာ ၆ ရာခိုင်နှုန်းကျော် ကျုံ့လာခဲ့ပါတယ်။
ကာဆီကွန်း သုတေသနစင်တာက သုတေသနအရာရှိချုပ် ကန်ဂျာနာ ချော့ပီဆန်ဆင်း ကတော့ ဘတ်စျေးဟာ မကြာခင် တဒေါ်လာ ၃၆ ဒသမ ၁ ဘတ်အထိ ရောက်လာမယ်လို့ မှန်းပါတယ်။
ဒါပေမဲ့ ၂၀၂၄ တတိယသုံးလပတ်ထဲမှာ ၃၆ ဘတ်နဲ့ ၃၇ ဘတ်ကြားပဲ ရှိနေမယ်လို့ မှန်းထားပါတယ်။
ခရွန်ထိုင်းဘဏ်က ဈေးကွက်မဟာဗျူဟာပညာရှင် ပွန် ပန်နစ်ပစ်ဘွန်း ကတော့ ပြည်တွင်း နိုင်ငံရေးအခြေအနေက ဈေးကွက်အပေါ် သက်ရောက်နိုင်တာကြောင့် ဘတ်ဈေးတက်မှုက အကန့်အသတ်နဲ့ပဲ ရှိနိုင်တယ်လို့ မှန်းပါတယ်။
Source-Reuters