Home
မြန်မာသတင်း
သံတွဲ၊ လင်းသာကမ်းခြေတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က ဗုံးကြဲ
DVB
·
July 9, 2024

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ လင်းသာကမ်းခြေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းကလည်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတွေထံက သိရပါတယ်။

သံတွဲမြို့ပေါ်ရပ်ကွက်တွေနဲ့ ငပလီကမ်းခြေ ရွှေကျောင်းပြင်ရွာ အပြင်ဘက် ညောင်ခြေထောက်ရွာမှာ မနေ့ ဇူလိုင် ၈ ရက်က စတင်ကာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လေကြောင်းကပါ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ညောင်ခြေထောက်ကျေးရွာ နေသူတဦးက ပြောပါတယ်။

“မနေ့တည်းက ငပလီဘက်ကို လေယာဥ်နဲ့ ဗုံးကြဲနေတာ တနေ့လုံးပဲ ဒီနေ့မနက်ပိုင်းအထိ။ ကျနော်တို့ရွာဘက်ကိုလည်း ကျတယ်။ လူထိခိုက်တာတော့ မရှိဘူး။ ဒီနေ့မနက်ပိုင်းမှာ လင်းသာကမ်းခြေဘက်ထိ တိုက်ပွဲက ပိုပြီးပြင်းထန်လာတယ်။ ဒီကမ်းခြေက ဂျိတ္တောသွားတဲ့လမ်းမှာ ဆိုတော့ စစ်တပ်က တပ်စွဲထားတဲ့နေရာပေါ့။”

လက်ရှိ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကြောင့် ငပလီက တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ် ခလရ ၅၅၊ ခမရ ၅၆၆ နဲ့ ပြည်သူ့စစ်တွေဟာ ဂျိတ္တောရပ်ကွက်မှာ ပူးပေါင်း ခံစစ်ပြင်ဆင်နေကြောင်းနဲ့ မောင်ရွှေလေး ရေတပ်စခန်းကလည်း ဝင်ခွင့်ပိတ်ပင်ထားကြောင်း AA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ နီးစပ်သူတဦးက “ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ ကို သိမ်းပိုက်ပြီးနောက်ပိုင်း ခလရ ၅၅ ကို ထပ်ပြီး ထိုးစစ်ဆင်နေတုန်း ထွက်ပြေးကြတာ။ ဂျိတ္တောမှာ စုပြုံနေကြတယ်လို့ သတင်းရထားတယ်။ မောင်ရွှေလေး နေဗီကလည်း သူတို့ကို ဝင်ခွင့်မပြုဘူးလို့ သိရတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော် (AA) အနေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်က စတင်ခဲ့တဲ့ သံတွဲမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ သံတွဲအခြေစိုက် တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ရင်းတွေအပြင် တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ ၂၃၅၊ ခလရ ၂၅၁၊ ခလရ ၂၅၂၊ ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅၊ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈၊ ခလရ ၂၅၉ နဲ့ ခမရ ၃၁၅ (မိတ္ထီလာ-တမခ-၉၉)-လပခ၊ ခမရ ၃၆၆ (မော်လိုက်-စကခ-၁၀-ကလေး)-နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းတချို့အပြင် စစ်ကောင်စီ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းတွေနဲ့ Myanmar Navy SEALs တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013