အမေရိကန်စစ်တပ်ဟာ နိုင်ဂျာနိုင်ငံရဲ့ မြို့တော် နီယာမေ လေဆိပ်နားမှာရှိတဲ့ နိုင်ဂျာလေတပ် အခြေစိုက်စခန်း 101 က အမေရိကန်ဝန်ထမ်းတွေကို ဇူလိုင် ၇ ရက်မှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။
လာမယ့်သီတင်းပတ်တွေအတွင်း သဲကန္တာရထဲက အဂါဒက်ဇ်မြို့နားမှာရှိတဲ့ အဓိက ဒရုန်းစခန်းတခုကနေ မထွက်ခွာမီ ခုလို ရုပ်သိမ်းခဲ့တာပါ။
အနောက်အာဖရိကနိုင်ငံ နိုင်ဂျာမှာ အာဏာရစစ်အစိုးရက ဧပြီလမှာ အာဏာသိမ်းပြီးတဲ့နောက် အမေရိကန် စစ်ဘက်ဝန်ထမ်း ၁,၀၀၀ နီးပါးကို နိုင်ငံထဲကနေ ရုပ်သိမ်းဖို့ ဧပြီလမှာ အမိန့်ပေးခဲ့ပါတယ်။
နိုင်ဂျာပိုင်နက် နယ်မြေကနေ တပ်တွေ အပြည့်အဝဆုတ်ခွာဖို့ စက်တင်ဘာ ၁၅ ရက်အထိ နိုင်ဂျာ အာဏာရစစ်အစိုးရက အမေရိကန်ကို အချိန်ပေးထားပါတယ်။
ဘာသာရေးစစ်ဝါဒီ ဂျီဟတ်တွေနဲ့ ဆက်နွှယ်နေတဲ့ အုပ်စုတွေအကြောင်း အရေးပါတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ပံ့ပိုးပေးနေတဲ့ နိုင်ဂျာနိုင်ငံအလယ်ပိုင်း အဂါဒက်ဇ်မြို့နားက ဒေါ်လာ သန်း ၁၀၀ တန် မောင်းသူမဲ့ လေယာဉ်စခန်းကနေ ဆုတ်ခွာဖို့ အာရုံစိုက်သွားမယ်လို့ အမေရိကန် လေတပ်ဗိုလ်ချုပ် ကဲနက်သ် အက်ခ်မန်က သောကြာနေ့မှာ ပြောပါတယ်။
အမှတ် ၂၀၁ လေတပ်အခြေစိုက်စခန်းလို့ လူသိများတဲ့ ဒီစခန်းကနေ သြဂုတ်လထဲမှာ ဆုတ်ခွာဖြစ်မယ်လို့လည်း သူက ပြောပါတယ်။
နိုင်ဂျာစစ်တပ် ဦးဆောင်ပြီး အိမ်နီးချင်း မာလီနဲ့ ဘာကီနာဖာဆို တို့ဟာ စနေနေ့မှာ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ကိစ္စရပ်တွေကို အတူကျင့်သုံးမယ့် နိုင်ငံပေါင်းစု စာချုပ်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး သောင်းကျန်းမှုဒဏ်ခံနေရတဲ့ ဆာဟယ်ဒေသ အလယ်ပိုင်းမှာရှိတဲ့ နိုင်ငံတွေကြား ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို အချက်ပြခဲ့ပါတယ်။
ဒီအစိုးရတွေဟာ အမေရိကန်၊ ဥရောပနဲ့ ကုလသမဂ္ဂတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေကိုလည်း ချိုးဖောက်ခဲ့ပါတယ်။
Source-Reuters