Home
နိုင်ငံတကာ
တရုတ်သင်္ဘော ကျောက်ချထားသည့် ဆာဘီးနားသောင်ခုံ ဖိလစ်ပိုင်ပိုက်နက်တွင် မရှိဟု တရုတ်တုံ့ပြန်
DVB
·
July 9, 2024
Photo-PHILIPPINE COAST GUARD HANDOUT

ဆာဘီးနား ရေတိမ်သောင်ခုံဟာ တရုတ်နိုင်ငံရဲ့ စပရတ်တလေကျွန်းစု အစိတ်အပိုင်းဖြစ်ပြီး ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) ထဲမှာ မရှိနေဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။

ဖိလစ်ပိုင်ကို ခြိမ်းခြောက်တဲ့အနေနဲ့ တောင်တရုတ်ပင်လယ်ထဲက ဖိလစ်ပိုင်အစိုးရရဲ့ အထူးစီးပွားရေးဇုန် EEZ ထဲမှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကမ်းခြေစောင့်သင်္ဘောကို ကျောက်ချရပ်နားထားခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က ဇူလိုင် ၆ ရက်မှာ ပြောခဲ့ပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ရဲ့ ၁၆၅ မီတာရှည်တဲ့ သင်္ဘောဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေမိုင် ၂၀၀ ရှိတဲ့ EEZ ထဲကို ဇူလိုင် ၂ ရက်က ဝင်လာခဲ့တာလို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းဖိုရမ်တခုအတွင်း ပြောခဲ့ပါတယ်။

နှစ်စဉ် သင်္ဘောတင်ကုန်သွယ်မှု ဒေါ်လာ ၃ ထရီလီယံအတွက် အဓိကလမ်းကြောင်းဖြစ်တဲ့ တောင်တရုတ်ပင်လယ်နဲ့ နယ်မြေအများစုကို တရုတ်က ကိုယ်ပိုင်နယ်မြေအဖြစ် အခိုင်အမာ တောင်းဆိုထားပါတယ်။

ကျယ်ပြန့်တဲ့ ရေကြောင်းပိုင်နက်ဆိုင်ရာ အရေးဆိုမှုတွေက တရားဝင် အခြေအမြစ် မရှိဘူးလို့ နယ်သာလန်နိုင်ငံ သဟိတ်မြို့ အခြေစိုက် အမြဲတမ်းခုံသမာဓိရုံးက ၂၀၁၆ မှာ စီရင်ချက် ချခဲ့ပေမဲ့ အဲဒီစီရင်ချက်ကို တရုတ်ပြည်မကြီးအစိုးရက ပယ်ချခဲ့ပါတယ်။

တရုတ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက သူ့ရေပိုင်နက်ထဲ ဝင်လာတာကြောင့်လို့ ပြောရင်း ထိုင်ဝမ် ငါးဖမ်းသင်္ဘောတစီးကို သိမ်းဆည်းခဲ့သလို ဖိလစ်ပိုင်သင်္ဘောကိုလည်း တရုတ်ကမ်းခြေစောင့် တပ်သားတွေက ဓားတွေ၊ လှံတွေ၊ ပုဆိန်တွေသုံးပြီး တိုက်ခိုက်ခဲ့တာပါ။

ထိုင်ဝမ်အစိုးရက သင်္ဘောပြန်တောင်းတာကို မပေးသလို တိုက်ခိုက်မှုအတွက် ဖိလစ်ပိုင် အစိုးရက လျော်ကြေးတောင်းတာကိုလည်း ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013