မြန်မာနိုင်ငံတွင်း ရပ်ကွက်၊ ဈေးတွေနဲ့ မြို့ရွာတွေမှာ ဖွင့်လှစ်ထားတဲ့ လက်လီဆန်ဆိုင်တွေကို သတ်မှတ်ရည်ညွှန်းဈေးတွေနဲ့အညီ ဆန်ရောင်းချပြီး ဆန်ဈေးနှုန်းတည်ငြိမ်ရေး အစီအစဉ်မှာ ပူးပေါင်းပါဝင်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင် ၈ ရက် ညနေမှာ ထုတ်ပြန်ဖိတ်ခေါ်ပါတယ်။
အသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာ လက်လီဆန်ဆိုင်တွေဟာ ဆန်ဈေးကွက်မှာ အရေးပါပြီး စားသုံးသူတွေနဲ့ ထိတွေ့မှုအများဆုံးဖြစ်ပေမဲ့ လတ်တလောမှာ ဆန်စက်တွေ၊ ပွဲရုံတွေနဲ့ ကုန်စည်ဒိုင်တွေ ပါဝင်တဲ့ လက်ကားဈေးကွက်မှာပဲ သတ်မှတ်ရည်ညွှန်းဈေးတွေနဲ့အညီ ရောင်းချနေပြီး လက်လီဆန်ဆိုင်တွေမှာတော့ လက်လီရောင်းချမှုအတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေအတိုင်း ရောင်းချပေးဖို့ လိုအပ်မှု ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် လက်လီဆန်ဆိုင်တွေမှာ သိုလှောင်ထားတဲ့ ပြည်တွင်း စားသုံးဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းအပါအဝင် ပေါ်ဆန်းဆန်တွေနဲ့ ရက် ၉ဝ၊ ပခန်း၊ မနောသုခ၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတောစတဲ့ ဆန်တွေကို စားသုံးသူတွေဆီ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ထုတ်ရောင်းပေးဖို့ အသင်းချုပ်က တိုက်တွန်းထားပြီး အရည်အသွေးမှန်၊ အလေးချိန်မှန်နဲ့ ရောင်းချဖို့လည်း တိုက်တွန်းထားပါသေးတယ်။
ဒါ့အပြင် လက်လီဆန်ဆိုင်က လက်ကားရောင်းချတဲ့ ပွဲရုံတွေ၊ ဆန်စက်တွေနဲ့ ကုန်စည်ဒိုင်တွေထံကနေ သတ်မှတ် ရည်ညွှန်းဈေးတွေနဲ့ ကုန်ပစ္စည်းရရှိမှု မရှိတာ၊ အရည်အသွေး လျော့နည်းတဲ့ ပစ္စည်းတွေပဲ ဝယ်ယူရရှိတာတွေ ရှိပါက အသင်းချုပ်ကို အသိပေး တင်ပြနိုင်ပြီး သတ်မှတ် ရည်ညွှန်းဈေးနဲ့ စားသုံးသူများထံ ပစ္စည်းမှန်၊ ဈေးမှန် ရောင်းချပေးနိုင်ဖို့ အသင်းချုပ်က လက်လီဆန်ဆိုင်တွေအထိ အရောက် ပေးပို့သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
အခုလို ဆန်ဈေးနှုန်း တည်ငြိမ်ရေးအစီအစဉ်တွေမှာ လက်လီဆန်ဆိုင်တွေ အားလုံးပါဝင်လာဖို့ အသင်းချုပ်က ကြိုပမ်းပေမဲ့ မြေပြင်ဈေးကွက်မှာတော့ သက်ရောက်မှုနည်းနေတယ်လို့ ရန်ကုန်မြို့ခံ တဦးက ပြောပါတယ်။
"ဆန်ဆိုင်တွေကလည်း ဂေါင်တွေကို ပေါက်ဈေးပေးပြီး ဝယ်ရင်းထားတာမလို့ ဒီဈေးနဲ့ မရောင်းနိုင်ဘူးလို့ ပြောတယ်။ တချို့ဆန်ဆိုင်တွေဆို ပိတ်တောင်ထားကြတယ်။ အရောင်းအဝယ်တွေ မလုပ်ကြဘူး။”
ဇွန်လပိုင်းက စပြီး စစ်ကောင်စီက သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုပြီး ဆန်ရောင်းချမှုတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူနေပြီး အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုများ ဥပဒေ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေတို့နဲ့လည်း တရားစွဲဆိုမှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်ချုပ်က သိရပါတယ်။