မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာက မင်္ဂလာဆောင်တခုမှာ ဒီနေ့ ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းက ကြက်သားဒံပေါက်ထမင်း စားမိရာက လူ ၆၀ ခန့် အစာအဆိပ်သင့်ခဲ့ကြောင်း နယ်ခံလူမှုကူညီရေးအသင်းကနေ သိရပါတယ်။
“မင်္ဂလာဆောင်က ပါဆယ်ကမ်းတဲ့ ဒံပေါက်ထမင်းကို အိမ်ရောက်တော့ မိသားစုတွေ စားကြပြီး ဖြစ်တာပါ။ ဒံပေါက်ထဲမှာပါတဲ့ သရက်သီးချဥ်ကဖြစ်တာလို့ ကြားတယ်။ လောလောဆယ် ကျောင်းသားတွေကများတယ်။ လက်ရှိ လူပေါင်း ၆၀ လောက် ဆေးရုံရောက်နေပါတယ်။ နောက်ထပ်ဖြစ်နေတဲ့သူတွေလည်း ရှိတယ်လို့ သတင်းရထားပါတယ်။”
လက်ရှိ အစာအဆိပ်သင့်ပြီး ဆေးရုံပို့ဆောင်ထားသူတွေကို အခြေအနေ စောင့်ကြည့်နေကြောင်းနဲ့ စိုးရိမ်ရအခြေအနေ ဖြစ်ပေါ်လာပါက သထုံခရိုင်ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရောဂါပိုးကြောင့် အစာအဆိပ်သင့်သလို ဓာတုပစ္စည်းတွေကြောင့်လည်း အစာအဆိပ်သင့်တတ်တယ်လို့ ဆိုထားပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ဖို့ အကြံပြုထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီ ၁၂ ရက်ကလည်း ဘီးလင်းမြို့နယ်၊ ညောင်သာယာကျေးရွာက ပဋ္ဌာန်းသိမ်းပွဲမှာ ဆီချက်ခေါက်ဆွဲ၊ ရေခဲမုန့်၊ လက်ဖက်ရည် အပါအဝင် တခြားသီးနှံတွေကို ကျွေးမွေးရာက ရဟန်းသံဃာ အပါအဝင် လူပေါင်း ၄၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။