Home
မြန်မာသတင်း
ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများလာသဖြင့် ပြည်သူများ စိုးရိမ်
DVB
·
July 8, 2024
Photo-Myanmar Red Cross

ရန်ကုန်၊ သာကေတမြို့နယ်မှာ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူတွေ တွေ့ရှိနေတာကြောင့် ပြည်သူလူထုကြားမှာ စိုးရိမ်မှု မြင့်တက်နေပါတယ်။

ရန်ကုန်မြို့မှာ ဖြစ်ပွားနေတဲ့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ မရှိသေးဘူးလို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့ပေမဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ မကူးစက်စေဖို့ ရန်ကုန်မြို့က ကျောင်းမုန့်ဈေးတန်းတွေ အပါအဝင် ဈေးတွေနဲ့ လမ်းဘေးမှာ ရောင်းချနေတဲ့ မုန့်ဟင်းခါးနဲ့ အသုပ်ဆိုင်တွေကို ပိတ်ထားဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က ညွှန်ကြားထားတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင် ၃ ရက်က ကာလဝမ်းရောဂါတွေ့ရှိခဲ့တဲ့ ဒေါပုံမြိုနယ်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး အနောက်ဘက်က သဲကွင်း၊ ကျူးကျော် လူနေအိမ်တွေက ၃ နှစ်အရွယ် မိန်းကလေးတဦး ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ပြီး ဇူလိုင် ၇ ရက်အထိ မသက်သာသေးဘဲ သတိရတချက်၊ မရတချက် ဖြစ်နေတယ်လို ဖခင်ဖြစ်သူက ပြောပါတယ်။

ကာလဝမ်းရောဂါ ဖြစ်ပွားသူ ကလေးရဲ့ ဖခင်က “မနေ့က အန်လည်း အန်တယ်။ ဝမ်းလည်း သွားတယ်။ ကလေးက မရတော့ဘူး။ ခေါ်လို့လည်း မကြားဘူး။ အော်လို့လည်း မကြားဘူး။ အဲဒါနဲ့ ကျနော်တို့ ရန်ကင်းဆေးရုံပဲ တခါတည်း သွားလိုက်တယ်။ အဲ့မှာက ပြနေကျပေါ့။ ဟိုရောက်တော့ ဆေးပုလင်း ချိတ်ထားတယ်။ အခု ဂလူးကို့စ် သွင်းပေးတာ ၃ လုံး ရှိသွားပြီ။ ဘာရောဂါလဲဆိုတော့ ညကတော့ ဝမ်းစစ်တယ်။ သွေးလည်း စစ်တယ်။ ဆေးတွေ ဝယ်ခိုင်းတယ်။ ဘာမှ အကြောင်း အထွေအထူးတော့ မသိသေးဘူး။ ကလေးက မနေ့ကမှ အသည်းအသန် ဖြစ်သွားတာ။ ညီမ နှစ်ယောက် ဆော့နေတာ လန်းလန်းဆန်းဆန်းပဲ။ ပြီးမှ ကလေးနှစ်ယောက်လုံး ခွေကျသွားတာ။ အလတ်မနဲ့ အငယ်ဆုံးမလေး ဖြစ်တာ။ ဒီကလေးကလည်း မှိုင်တိုင်တိုင် ဖြစ်နေတော့ ကျနော်တို့ ခေါ်ပြီး ဆေးသွင်းပေးတာ။ ပြောမယ်ဆို ကလေးတွေက အစားအသောက်တွေကလည်း ဖြစ်တာဖြစ်မှာပေါ့လေ။ ပေါင်းစုံစားနေတာ။ တခြားလည်း ဖြစ်နေတာကြားပဲ။ ဟိုမှာဖြစ်လိုက် ဒီမှာဖြစ်လိုက်ပဲ။ ကလေးကတော့ သတိရတချက် မရတချက်ပဲ”လို့ ပြောပါတယ်။

ဇူလိုင် ၇ ရက် မနက်ခင်းမှာ ဒေါပုံစည်ပင်က ဧရာဝဏ် ရေပေးဝေရေးစခန်း ၁ ကနေ သောက်သုံးရေတွေကို အဲ့ဒီသဲကွင်းကျုးကျော်က မိသားစုဝင်တွေကို ဖြန့်ဝေပေးခဲ့ပါတယ်။

ဓာတ်ဆားထုတ်၊ လက်သန့် ဆေးရည်တွေလည်း ဖြန့်ဝေတာ တွေ့ရပြီး ဓမ္မာရုံမှာလည်း ဆေးပေးခန်းဖွင့်ကာ ကာလဝမ်းရောဂါကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နယ်မြေချင်း စပ်ဆက်နေတဲ့ ဒေါပုံကျေးလက်ကျန်းမာရေးဆေးခန်းအနီး၊ ရေဆိုးကန်အနီးက အိမ်တွေကိုလည်း ကာလဝမ်းရောဂါ ကာကွယ်ဆေး ဖြန့်ဝေတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

သဲကွင်း ကျုးကျော်လူနေအိမ်တွေမှာ ၃ နှစ်အရွယ် ကလေးအပြင် အသက် ၃၀ ကျော်အရွယ် လူလတ်ပိုင်းအမျိုးသားလည်း အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ ဝေဘာဂီကူးစက်ဆေးရုံကို ရွှေ့ပြောင်းကုသနေရတယ်လို့ သိရပါတယ်။

သဲကွင်း ကျူးကျော်ရပ်ကွက် နေထိုင်သူတဦးက “သူက ဆေးရုံရောက်မှ ဖြစ်တာ၊ ဒီမှာ မဖြစ်ဘူး။ ဒီမှာ အလုပ်လုပ်နေတာ။ အုတ်သဲကျောက် ကားတွေပါ လိုက်တာ။ သူ့သမီးလေး အကြောကပ်လို့ ဆေးရုံ လိုက်ပို့ရင်း ဆေးရုံမှာ ထမင်းတွေဘာတွေ စားသောက်သေးတယ်။ လူနာစောင့်ရင်း အန်ရင်း ဝမ်းသွားတယ်ဆိုပြီး ဖြစ်တာ။ အခုက ဝေဘာဂီ ပို့ထားတယ်။ တချို့ကလေးတွေတော့ ဒီနားမှာ သိပ်မဖြစ်ကြဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့လို နေရာမျိုးမှာ ဖြစ်တဲ့ ကူးစက်ပြန့်ပွားလွယ်တဲ့ ကာလဝမ်းရောဂါကို ပြည်သူတွေအနေနဲ့ အထူးသတိထား မကူးစက်အောင်နေကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  လက်အောက်ခံ တယ်လီကျန်းမာက ဆရာဝန် ဒေါက်တာ ဆုတောင်းပြည့်က  ပြောပါတယ်။

“ရန်ကုန်လို နေရာမျိုးက စစ်ကောင်စီက ကြီးစိုးတဲ့နေရာဖြစ်တော့ ပြည်သူတွေက ပိုပြီး သတိထားဖို့ လိုတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဝမ်းပျက်ဝမ်းလျှောလို ရောဂါမျိုးက ရောဂါ စောင့်ကြပ် ကြည့်ရှုတာတွေ၊ သတင်းပေးတာတွေ၊ ဖြစ်ပွားတဲ့ ပင်ရင်းကို စုံစမ်းစစ်ဆေး ထောက်လှမ်းဖို့တွေ၊ ဒါတွေကို တုံ့ပြန် ထိန်းချုပ်ဖို့တွေ အဆင့်တိုင်းမှာ အရေးကြီးပါတယ်။ ကုသတဲ့နေရာမှာလည်း ပြည်သူတွေ ပညာပေးတာမှာ အရေးကြီးပါတယ်။ ဒါတွေကို စစ်ကောင်စီနဲ့ သူ့ဝန်ထမ်းတွေ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ပါ့မလား။ အရည်အချင်းကော ရှိပါ့မလား မေးခွန်းထုတ်စရာရှိတယ်။ တကယ်တမ်းကျတော့ ဒီရောဂါက ဘယ်လိုဖြစ်လဲ၊ ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ ဝမ်း နမူနာတွေ ယူပြီး ဓာတ်ခွဲ စစ်ဆေးရမှာတွေ ရှိတယ်။ တကယ်လို့သာ ကာလဝမ်းရောဂါလိုမျိုးဆို ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေထိ အမြန်ဆုံး သတင်းပေးပို့ပြီး ထိန်းချုပ်ရမှာဖြစ်တယ်။ ဒါတွေကတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပေါင်းပြီးလုပ်ရမယ်။”

မြေပြင်မှာတော့ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ ၅ ယောက် ထက်မနည်း ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

သာကေတမြို့နယ် အပါအဝင် ဒေါပုံ၊ မင်္ဂလာတောင်ညွှန့်၊ ဗိုလ်တထောင်နဲ့ မြောက်ဥက္ကလာပ မြို့နယ်တို့မှာလည်း ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတက်သူ အရေအတွက် အယောက် ၄၀ ထက်မနည်း တိုးလာတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013