ရန်ကုန်မှာ ဖြစ်ပေါ်နေတဲ့ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါနဲ့ပတ်သက်လို့ ကိုဗစ်ရောဂါကာလတုန်းကလို လုပ်ဆောင်ကြဖို့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။
လတ်တလော ဖြစ်ပေါ်နေတဲ့ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၇ ရက်က ကျင်းပရာမှာ ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့တာပါ။
အဲဒီအစည်းအဝေးမှာ ဦးစိုးသိန်းက ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ လူမှုအဖွဲ့အစည်းတွေ စုပေါင်းအဖွဲ့တွေနဲ့ ရပ်ကွက်၊ စာသင်ကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘုန်းတော်ကြီးကျောင်း/သီလရှင်ကျောင်း၊ ဈေးတွေ လူစည်းကားရာ နေရာတွေမှာ Hand Speaker နဲ့ အသိပညာပေးတာ၊ လက်ကမ်းစာစောင်တွေ၊ ဗီနိုင်းတွေနဲ့ အသိပညာပေးတာကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ ပြောပါတယ်။
ရောဂါဖြစ်ပွားတဲ့ သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကို တာဝန်ရှိသူအဆင့်ဆင့်က အများပြည်သူ သိရှိလိုက်နာနိုင်အောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့၊ ဆေးရုံကြီးတွေမှာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်လို့ ကြိုတင်ကာကွယ်ရေးနဲ့ ကုသရေးအပိုင်းတွေမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးရမယ့် လိုအပ်ချက်တွေရှိရင် ချက်ချင်းတင်ပြဖို့နဲ့ ကိုဗစ်ရောဂါတုန်းကလို ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြတဲ့အတိုင်း တာဝန်ရှိသူတွေ စေတနာထားပြီး ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာ လိုအပ်တဲ့ ထောက်ပံ့ကူညီမှု အပြည့်အဝမရတာ၊ အောက်စီဂျင်အိုးတွေကို စစ်ကောင်စီက သိမ်းဆည်းမှုတွေ ရှိခဲ့လို့ ပြည်သူတွေ သေဆုံးမှုများခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက “ကိုဗစ်တုန်းကလည်း ပြည်သူအချင်းချင်းပဲ ဖေးမ ကျော်ဖြတ်ခဲ့ရတာ၊ စစ်ကောင်စီက အကူအညီပေးတဲ့သူတွေကိုတောင် ပြဿနာ လိုက်ရှာသေးတာ။ အခုလည်း ပြည်သူအချင်းချင်းပဲ သတိပေးတာတွေ လုပ်နေရတာပဲ။ ရောဂါအကြောင်းပြပြီး ဘာတွေလိုက်ကြပ်ဦးမလဲပဲ ပူနေရတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုတွေ တိုးလာပြီး ဆေးရုံတက် ကုသမှုခံယူနေရသူ ၁၀၀ ကျော်ရှိပြီလို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ရောဂါကူးစက်ဖြစ်ပွားတဲ့ ရပ်ကွက်တွေနဲ့ မြို့နယ်တချို့မှာ လမ်းဘေးအစားအစာ ရောင်းချတဲ့ ဆိုင်တွေ ပိတ်ထားဖို့ ညွှန်ကြားထားတာတွေ ရှိနေပါတယ်။