Home
မြန်မာသတင်း
နေပြည်တော်စစ်ကြောရေး၌လုပ်သည့် ရွေးကောက်ပွဲသင်တန်း လူကိုယ်တိုင်တက်သူ နည်းပါး
DVB
·
July 8, 2024

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၅ ရက်က စစ်ကြောရေးနဲ့ တည်းခိုရေးတပ်မှာ ပြုလုပ်ခဲ့ရာ လူကိုယ်တိုင်လာတက်သူ မရှိသလောက်နည်းပါးပြီး အွန်လိုင်းကတက်သူတွေ များတယ်လို့ ဝန်ထမ်းအသိုက်အဝန်းကနေ သိရပါတယ်။

၅ ရက်တာ ရွေးကောက်ပွဲစီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၅ ရက်မှ ၁၁ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ရွာတော် စစ်ကြောရေးနဲ့ တည်းခိုရေးတပ်မှာ လုပ်မှာဖြစ်တယ်လို့ လဝကဝန်ထမ်းတဦးက DVB ကို ပြောပါတယ်။

“ဆွေးနွေးပွဲလုပ်တာ အခုနဲ့ဆို ၄ ကြိမ်ရှိပြီ။ လုပ်တိုင်း ဥက္ကဋ္ဌက စစ်ကြောရေးမှာလုပ်မှာ၊ အရင်က ပြဿနာမရှိပေမဲ့ အခု တိုင်းပြည်အခြေအနေက ဘာမှန်းမသိတော့ အွန်လိုင်းကတက်တဲ့သူက ၄၀၀ လောက်ရှိတယ်။ ပုဗ္ဗသီရိမှာရှိတဲ့ ဝန်ထမ်းတွေ တက်တာများတယ်။”

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနဲ့ မဲရုံဆိုင်ရာ လုပ်ငန်းလမ်းညွှန်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျွမ်းကျင်စွာ လေ့လာထားဖို့ ပြောပေမဲ့ ရွေးကောက်ပွဲ ဘယ်အချိန် လုပ်မယ်ဆိုတာ မပြောဘူးလို့ တက်ရောက်ခဲ့တဲ့ ဝန်ထမ်းတဦးက DVB ကို ပြောပါတယ်။

“တပ်ချုပ်ကြီးက နယ်မြေတည်ငြိမ်မှ ရွေးကောက်ပွဲလုပ်မယ်ပြောတယ်။ ကော်မရှင်ဥက္ကဋ္ဌက သင်တန်းတွေ ဆွေးနွေးပွဲတွေလုပ်ပြီး ဘတ်ဂျက်တွေ ထုတ်စားနေတယ်။ အခုလည်း လာတဲ့သူမရှိဘူး၊ အွန်လိုင်းကပဲ တက်ကြတယ်။”

စစ်ခေါင်းဆောင်က ဇူလိုင် ၅ ရက်က နယ်​မြေတည်ငြိမ်အေးချမ်းမှသာ ရွေးကောက်ပွဲ ပြုလုပ်လို့ ရမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၄ မှာ ပြောခဲ့ပါတယ်။

လတ်တလောမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မှတ်ပုံတင်ကျပြီးတဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီရှိပြီး ၁၆ ပါတီက ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ ရွေးကောက်ပွဲမှာဖြစ်ပြီး ကျန်တဲ့ပါတီ ၅၀ က တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကစပြီး စစ်ကြောရေးနဲ့ တည်းခိုရေးတပ်မှာ ပြုလုပ်ခဲ့တာ အခုနဲ့ဆို ၄ ကြိမ်ရှိပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024