Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းတွင် စစ်မှုထမ်းများကိုထောက်ပံ့ရန်ဆိုပြီး တအိမ် ကျပ် ၂၅,၀၀၀ အထိ ကောက်ခံ
DVB
·
July 8, 2024

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့အတွက်ဆိုပြီး ဇူလိုင် ၇ ရက်က စတင်ကာ တအိမ်ကို ငွေကျပ် ၂၅,၀၀၀ အထိ ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း မဲပေါက်တဲ့သူတွေကို ထောက်ပံ့ပေးဖို့လို့ ဆိုပြီး ဒေသခံတွေဆီမှာ အတင်း ငွေကောက်နေတာ၊ တအိမ်ကို ငွေ ၂၅,၀၀၀ မဖြစ်မနေကို ထည့်ရတာ။ ကောက်တဲ့ငွေအတိုင်း မပေးရင် စစ်မှုထမ်းရမယ့်စာရင်းထဲ ထည့်လိုက်မှာလို့ ခြိမ်းခြောက်သေးတယ်။ ကြောက်တော့ ထည့်တဲ့သူများတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတက်လာပြီး ဒုတိယအကြိမ်ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ ငွေကောက်ခံနေတာ ဖြစ်ပြီး စစ်မှုထမ်းဖို့ကိစ္စတွေ မလုပ်ခင်ကလည်း အရပ်သားတွေဆီမှာ လမ်းကြေး၊ ကင်းကြေး ဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ် ကောက်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အမျိုးမျိုး ခြိမ်းခြောက် ငွေကောက်နေတာ။ ကျမတို့ဘက်က အုပ်ချုပ်ရေးမှူးတွေက အတော်ဆိုးတယ်၊ မဆိုးတဲ့အုပ်ကြီး တယောက်မှမရှိဘူး။ သူတို့ကလည်း အထက်ကခိုင်းလို့ လုပ်တာတဲ့။ တအိမ် ၂၅,၀၀၀ မထည့်ရင် မိမိတာဝန်ပဲလို့ ပြောတယ်။ အဖမ်းမခံနိုင်တော့ ထည့်ရတာပေါ့” လို့ မော်လမြိုင်ကျွန်းမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဦးဆောင်ပြီး စစ်မှုထမ်းဖို့ မစိုးရိမ်နဲ့၊ နိုင်ငံသားတာဝန်ကျေဖို့ စစ်မှုထမ်းစို့၊ အချက် ၁၅ ချက်အထိပါတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေစည်းရုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ငွေကောက်တာကို ထည့်ရတဲ့ အိမ်ခြေ ၅၀၀ ထက်မနည်းရှိကာ ကျေးရွာဘက်ကအိမ်တွေ အများဆုံး ငွေထည့်နေရတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013