လက်ဘနွန်နိုင်ငံထဲကနေ အစ္စရေးနိုင်ငံဆီ ဇူလိုင် ၇ ရက်က ဒုံးကျည်တွေနဲ့ ဒလစပ် ပစ်ခတ်ခဲ့လို့ အစ္စရေးနိုင်ငံ မြောက်ပိုင်းနယ်စပ်က ရပ်ရွာတွေမှာ မီးတွေလောင်ခဲ့ပြီး လူတဦး ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ပါတယ်။
အသည်းအသန် ဖြစ်နေတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦးကို နောက်ထပ် ကုသဖို့ ဘေးကင်းရာ ဆေးရုံဆီ ရွှေ့ပေးခဲ့ရတယ်လို့ အစ္စရေး ဆေးဘက်ဌာနက ပြောပါတယ်။
လောလောဆယ်မှာ ဂိုလန်ကုန်းမြင့် အပါအဝင် နေရာအတော်များများမှာ မီးတွေလောင်နေလို့ ဒေသခံတွေက မီးသတ်သမားတွေနဲ့အတူ မြေပေါ်မှာ မီးငြှိမ်းသတ်နေရသလို လေကြောင်းကနေလည်း လေယာဉ်နဲ့ မီးငြှိမ်းနေရပါတယ်။
မီးက ကောက်ပဲသီးနှံတွေနဲ့ လေဟာပြင် ဧရိယာတွေမှာပါ လောင်ကျွမ်းခဲ့တာပါ။ စစ်တပ် အခြေစိုက်စခန်းတခုဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဟစ်ဇ်ဘိုလာတွေက ပြောပါတယ်။
လက်ဘနွန်နိုင်ငံထဲကနေ ဂျလီလီအနိမ့်ပိုင်းဒေသဆီ ဒုံးကျည် အစီး ၂၀ လောက် ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ဒုံးကျည်တချို့ကို အစ္စရေး လေကြောင်းကာကွယ်ရေးတပ်က ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရက ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
Source-Reuters