Home
နိုင်ငံတကာ
ဘန်ကောက်တရုတ်တန်း နေအိမ်အလုံး ၆၀ ကျော်မီးလောင်၊ ရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် အိမ်ရာမဲ့
DVB
·
July 8, 2024
Photo- MGR Online

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆန်ဖန်းနဝုန်းနယ်မြေ၊ တလောက်ဖိုးထိယောဝ်ဝါရတ်ရပ်ကွက် (တရုတ်တန်း)ထဲမှာ ဇူလိုင် ၆ ရက် ည ၁၁ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ်ခြေ ၆၆ လုံး မီးလောင်ဆုံးရှုံးသွားပါတယ်။ 

ရပ်ကွက်ထဲက နေအိမ်အများစုမှာ  ပျဉ်ထောင်အိမ်နဲ့ အုတ်ခံပျဉ်အိမ်တွေဖြစ်ပြီး တအိမ်နဲ့ တအိမ် နီးကပ်စွာတည်ရှိတယ်၊ အနီးနားမှာ ဟိုတယ်တွေ၊ အထပ်မြင့်တိုက်ခန်းတွေ၊ ဈေးဆိုင်ကြီးတွေနဲ့ ဝန်းရံထားပြီး ရပ်ကွက်ဝင်ပေါက် ၂ လမ်းသာရှိတဲ့အပြင် ကျဉ်းမြောင်းတာကြောင့် မီးကို ခဲယဉ်းစွာ ငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးသတ်ကား အစီးရေ ၃၀ ကျော်နဲ့ အချိန် ၃ နာရီကြာ ငြှိမ်းသတ်ခဲ့ရတယ်၊ ဒါပေမဲ့ အိမ်ခြေ ၉၀ ရာခိုင်နှုန်း ဆုံးရှုံးခဲ့တယ်လို့ အခင်းဖြစ်ပွားရာ သွားရောက်စစ်ဆေးခဲ့တဲ့  သက်သေအထောက်အထား စိစစ်ရေးရဲတပ်ဖွဲ့ဌာနမှူး ရဲမှူး တလိုင်းရုန်းဖျူဖန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါ့အပြင် နယူးအင်ဖိုင်းဟိုတယ် အထပ် ၄-၅-၆၊ ဟူချလမ် တရုတ် စားသောက်ဆိုင် အထပ် ၄ နဲ့ ၅ ၊ တိုင်စိန်းတရုတ်စားသောက်ဆိုင် အထပ် ၄ နဲ့  ၅ တို့ကို မီးကူးစက်ခဲ့ ပါတယ်။ 

အဆိုပါရပ်ကွက်ထဲမှာ အိမ်ခြေ ၆၉ လုံးရှိပြီး ၆၆ လုံးပျက်စီးဆုံးရှုံးခဲ့တယ်၊ အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁ ဦးမှာ ဓာတ်လိုက်ခံရတာ ကျန် ၄ ဦးမှာ မီးဟပ်ခံရတာ၊ မီခိုးမွှန်တာတွေဖြစ်တယ်၊ သေဆုံးသူမရှိဘဲ မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းကို စုံစမ်းစစ်ဆေးဆဲလို့ ဆိုပါတယ်။ 

ရပ်ကွက်ထဲမှာ အိမ်ရှင်ကိုယ်တိုင်နေတဲ့ အိမ်တွေအပြင် နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေပါ ငှါးရမ်းနေထိုင်ကြတယ်၊ မီးဘေးသင့် အိမ်ထောင်စု ၃၇ စုရှိပြီး အရေးပေါ်ကယ်ဆယ်ရေးဌာနမှာ အိမ်ရာမဲ့စာရင်းလာပေးသူ ၂၅၂ ဦးရှိပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသား ၁၃၃ ဦးနဲ့ ရွှေ့ပြောင်းလုပ်သား ၁၁၉ ဦး ပါဝင်တယ်လို့  မီးသင့်ရာနေရာကို ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ချနယ်လ် ၃ တီဗွီသတင်းထောက်က ပြောပါတယ်။ 

ရွေ့ပြောင်းလုပ်သားတွေဟာ ဘယ်နိုင်ငံသားတွေလဲဆိုတာကိုတော့ ထိုင်းသတင်းမှာ ဖော်ပြခြင်း မရှိပါဘူး။ ဘန်ကောက်မြို့မှာ မြန်မာအလုပ်သမားတွေ သိန်းနဲ့ချီ နေထိုင် အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

မီးဘေးသင့်သူအများစုဟာ အဝတ်တထည်ကိုယ်တခုနဲ့ အသက်လုပြေးခဲ့ရတာမို့ ဘာပစ္စည်းမှ မရလိုက်ကြောင်း၊  တချို့အသက်အရွယ်ကြီးသူတို့မှာ ရှာဖွေစုဆောင်းထားတဲ့ အိုစာနာစာတွေပါ ပါသွားတယ်၊ အလုပ်သမားတဦးကလည်း အိမ်ကိုပြန်ပို့ဖို့ ဝယ်ခြမ်းစုဆောင်းထားတဲ့ ပစ္စည်းတွေ အကုန် မီးထဲပါသွားတယ်လို့ ဆိုပါတယ်။ 

မီးဘေးသင့်သူတွေကို လောလောဆယ် ဝပ်ဆမ်ဖန်းနဝုန်းကျောင်းတိုက်ထဲမှာ နေရာချထားပေးပြီး အရေးပေါ်သုံးငွေ တဦးကို ဘတ် ၃၀၀၀ စီ အများပြည်သူကယ်ဆယ်ရေးဌာနက ပေးအပ်သွားမယ်လို့ ချနယ်လ် ၃ သတင်းမှာ ဖော်ပြသွားပါတယ်။ 

Source- Thairath / 3 PLus News/ MGR Online   

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013