ဂါဇာကမ်းမြောင်က စာသင်ကျောင်းတကျောင်းကို ဇူလိုင် ၆ ရက်က အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီအဆောက်အအုံမှာ ဂါဇာအလယ်ပိုင်း နူဆေရတ် ဒုက္ခသည်စခန်းကနေ ထပ်မံရွှေ့ပြောင်းလာရသူ ထောင်နဲ့ချီပြီး ခိုလှုံနေတာဖြစ်တယ်လို့ ဟားမတ်စ်လက်အောက်က ကျန်းမာရေးဌာနက ပြောပါတယ်။
အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) ကတော့ အယ်ဂျောင်နီ ကျောင်းဧရိယာအတွင်း တည်ရှိတဲ့ အဆောက်အအုံတွေမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်သမား အများအပြားကို ထိမှန်တယ်လို့ ထုတ်ပြန်ပါတယ်။
ဟားမတ်စ် ရဲတပ်ဖွဲ့က သုံးတယ်လို့ ယူဆတဲ့ အခန်းတခန်းကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပေမဲ့ အတည်မပြုနိုင်ပါဘူး။
အစ္စရေးနဲ့ ဟားမတ်စ်အကြား အပစ်ရပ်ဖို့ သဘောတူညီချက် ရတော့မယ်ဆိုပြီး သတင်းတွေ ထွက်လာချိန်မှာပဲ အခုတိုက်ခိုက်မှု ထပ်ဖြစ်ခဲ့တာပါ။
ဓားစာခံလွတ်မြောက်ရေး ဟားမတ်စ်နဲ့ ဆွေးနွေးဖို့ ညှိနှိုင်းရေးအဖွဲ့တဖွဲ့ နောက်တပတ်ကျရင် စေလွှတ်မယ်လို့ အစ္စရေးက ကြေညာထားပါတယ်။
ဟားမတ်စ်ဘက်က ထုတ်ပြန်ချက်မှာတော့ အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ဒေသခံဂျာနယ်လစ် ၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာမှာ ဂျာနယ်လစ် အယောက် ၁၀၀ ကျော် သေဆုံးခဲ့ပြီလို့ ဆိုပါတယ်။
Source-Reuters