စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာကို ဇူလိုင် ၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲချခဲ့လို့ ရွာခံအမျိုးသား ၁ ယောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “နတ်ချောင်းရွာနားမှာ အခုရက်ပိုင်း တိုက်ပွဲဖြစ်တာမရှိဘူးဗျ။ စစ်တပ်က အသားလွတ်ကြဲသွားလို့ အမျိုးသား ၁ ယောက် ဆုံးသွားတယ်ဗျ” လို့ ပြောပါတယ်။
ကလေးမြို့နယ်ထဲက အောင်မြင်သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက နတ်ချောင်းကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲချခဲ့တာဖြစ်ပြီး ကလေးမြို့နယ်မြောက်ပိုင်းက ကျေးရွာကို စစ်ကောင်စီ တပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် ဒရုန်းတွေနဲ့ပါ ဗုံးကြဲချတာတွေ မကြာခဏ ပြုလုပ်နေလို့ ကျေးရွာတွေက လူနေအိမ်တွေ ပျက်စီးပြီး ဒေသခံတွေ သေဆုံး ဒဏ်ရာရတာတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲချတာကြောင့် ဗုံးသီး ထိမှန်သေဆုံးသွားသူဟာ နတ်ချောင်းကျေးရွာသားဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ကိုမောင်ဇော် (ခေါ်) ကိုဇော်မင်းထွန်း ဖြစ်တယ်လို့ သိရပါတယ်။
နီးစပ်သူ ဒေသခံတယောက်က “သူက ဒီရွာဇာတိမဟုတ်ဘူး။ ဆည်တောဦးရွာ ဇာတိပါ။ ဒီရွာသူနဲ့ အိမ်ထောင်ကျပြီး ဒီရွာမှာပဲ အခြေချပြီး တောင်သူလုပ်ကိုင်နေတာပါ။ ဗုံးသီးထိတာက ပြင်းပြင်းထန်ထန်ပါပဲ။ ဆေးရုံအထိတော့ အသက်ပါသေးတယ်။ ဆေးရုံရောက်မှ ဆုံးသွားတာပါ” လို့ ပြောပါတယ်။
ဗုံးသီးထိမှန်သေဆုံးသွားသူ ကိုဇော်မင်းထွန်း ကွယ်လွန်ချိန်မှာ ဇနီးသည်နဲ့ သားသမီး ၃ ယောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ခဲ့တာကြောင့် နတ်ချောင်းကျေးရွာက အမျိုးသား ၁ ယောက် နဲ့ အမျိုးသမီး ၁ ယောက်တို့ သေဆုံးခဲ့ရပါသေးတယ်။